ကမ္ဘာပေါ်မှာ လမ်းဘေးခွေးလေးတွေက အများကြီးရှိကြပါတယ်။ သူတို့မှာ နေစရာအိမ်မရှိတဲ့အပြင် ချစ်ခြင်းမေတ္တာကိုလည်း မရရှိကြပါဘူး။ ကံမကောင်းတဲ့အခါ လူတွေရဲ့ရက်စက်ခြင်းကိုလည်း ခံစားရပါသေးတယ်။
လမ်းဘေးခွေးလေးတွေမှာ နေစရာအိမ်မရှိတာကြောင့် ရာသီဥတုဒဏ်ကို ဆိုးဆိုးရွားရွားခံစားရပါတယ်။ မကြာသေးခင်က မိုးရေထဲမှာ ရဲအရာရှိတစ်ယောက်က လမ်းဘေးခွေးလေးတွေကို ထီးလေးနဲ့ အုပ်မိုးပေးထားတဲ့ပုံလေးက ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံသွားခဲ့ပါတယ်။
Tarun Kumar Mandal က အိန္ဒိယနိုင်ငံ၊ Kolkata မြို့က ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လမ်းဖြတ်သွားရင်းနဲ့ ခွေးလေးတွေ မိုးမိနေတာကို တွေ့သွားခဲ့ပါတယ်။ မိုးတွေက သည်းကြီးမည်းကြီး ရွာနေပြီး Tarun က ထီးဖွင့်ပြီး ဆောင်းလိုက်ပါတယ်။
အဲဒီအချိန်မှာ လမ်းဘေးခွေးလေးနှစ်ကောင်က သူ့အနားကို ရောက်လာပါတယ်။ Tarun က ခွေးလေးတွေကိုလည်း မိုးမမိအောင် ထီးနဲ့ မိုးပေးထားလိုက်ပါတယ်။
ဒီလိုကြင်နာတတ်တဲ့အပြုအမူလေးက လူအများကြားမှာ ပျံ့နှံသွားပါတယ်။ ဓာတ်ပုံလေးကိုတော့ Sayn Chakraborty က အမှတ်မထင် ရိုက်ကူးခဲ့လိုက်တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးကို Kolkata ရဲဌာနက ပြန်လည်မျှဝေတဲ့အခါ လူသိပိုများလာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ လမ်းဘေးခွေးအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ လမ်းဘေးခွေးအကောင်နေရ ၃၅ သန်းကနေ သန်း ၄၀ ကြားမှာ ရှိပါတယ်။
လမ်းဘေးခွေးလေးတွေအပေါ်မှာတောင် ကြင်နာတတ်တဲ့ ရဲအရာရှိကြီးဟာ လူအများရဲ့လေးစားမှုကို အများကြီးရရှိသွားခဲ့ပါတယ်။
Zombie (lovemedia)
0 Comments