အပ်ဖျားတထောက်စာ ဆိုပေမယ့်

ရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအိုတယောက် ရှိသတဲ့။ သူ့မှာ ပိုင်ဆိုင်မှု ဆိုတာကလည်း လဲပြိုခါနီး တဲလေးတလုံးရယ် ညစ်ပတ်ပြီး အရောင်မထွက်တော့တဲ့ အဝတ်စားလေး တစုံရယ်၊ ကြက်မလေးတကောင်ရယ်ပဲ ရှိတယ်။

သူ့ရဲ့ ကြက်မလေးက သူ့အတွက် နေ့တိုင်း ကြက်ဥတလုံး တလုံး ဥပေးတယ်။ အဲဒီကြက်ဥလေးနဲ့ အဖွားအိုက နေ့တိုင်း သူ့ရဲ့စားဝတ်နေရေးကို ဖြေရှင်းပြီး အသက်ရှင်နေ ခဲ့ရတယ်။

အဖွားအို နေထိုင်တဲ့ တိုင်းပြည်မှာ အစားကြူးတဲ့ ဘုရင်တပါး အုပ်ချုပ်နေတယ်။ တနေ့မှာ ဘုရင်က တိုင်းပြည်ထဲမှာ ထူးဆန်းတဲ့ အမိန့်တခုကို မောင်းထုပြီး ကျေညာခဲ့တယ်။

အဲဒါအမိန့်က ဘာလဲဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေ အားလုံး သူစားတော်ပွဲတည်ဖို့ အတွက် အသားဟင်းတခွက် လာပို့ရမယ် လို့ ကျေညာမောင်းခတ်ခဲ့တယ်။

ဒီသတင်းကို ကြားတဲ့ တိုင်းသူပြည်သားတွေက အသားဟင်းတခွက် ပို့ဖို့ ပြင်ဆင်ကြတယ်။ အဲဒီအထဲမှာ ကြက်မလေးတကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလည်း အပါအဝင်ပေါ့။

အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့စရာ မရှိဘူး ဖြစ်နေတယ်။ သူ့မှာ အသားဟင်းတခွက် ပို့ဖို့ ငွေကြေးကလည်း လုံးဝမရှိ ဆိုတော့ အရမ်းကို ခက်ခဲနေခဲ့တယ်။

အသားဟင်း မပို့နိုင်လို့ မင်းပြစ် မင်းဒဏ်ခံရမယ်ဆို ပိုပြီးကြီးလေးတာကြောင့် အဖွားအိုက သူ့ကို နေ့တိုင်း ကြက်ဥတလုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်းတခွက် ပို့ဖို့ သူဆုံးဖြတ်လိုက်တယ်။

ဘုရင်ကတော့ စားတော်ပွဲမှာ တအိမ်တယောက်နှုန်း အသားဟင်းခွက်ပေါင်း မြောက်များစွာနဲ့ ပွဲတော် တည်နေခဲ့တယ်။

အသားဟင်းခွက်တွေက သိပ်များပြားလွန်းတာကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ်ခဲ့ဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်းလေးလည်း အပါပေါ့။

အပ်ဖျားလေး တထောက်စာ ဆိုပေမယ့် ဆပ်ပြာပူဖောင်းလေးတွေ အတွက်တော့ ဘဝကို ပျက်စေပါတယ်။ ဒါကြောင့် ကိစ္စတခုကို လုပ်တော့မယ်ဆိုရင် အကြောင်းအကျိုး အကောင်းအဆိုး သေချာစဉ်းစားပြီးမှ လုပ်သင့်ပါတယ်။ Crd

Post a Comment

0 Comments