တခါတုန်းက ရှင်ဘုရင်ကြီးတပါးဟာ သူ့ရဲ့ မြင်းစီးသူရဲကောင်း တယောက်ကို မြင်းနဲ့ ပါတ်ပြီး စီးနိုင်သမျှ မြေနေရာ အားလုံးကို အပိုင်စားပေးမယ်လို့ ပြောလိုက်ပါတယ်။
မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာ များနိုင်သမျှ များများ ကာမိအောင် မြင်းကို မြန်နိုင်သမျှ မြန်မြန် စီးပါတော့တယ်။ သူဟာ မြင်းကို အမြန်ဆုံးပြေးအောင် ရိုက်ရင်း မရပ်မနား စီးပါတယ်။
သူဟာ ဗိုက်ဆာချိန်တွေ ပင်ပန်းနွမ်းနယ်နေချိန် တွေမှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာ အများဆုံး ကာမိအောင်ပါ။ မြေနေရာကောင်း အတော်များများကို ကာမိချိန်မှာတော့ သူဟာ အရမ်းကို အားအင်ကုန်ခမ်း နွမ်းနယ်ပြီး သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်ကျမှ သူ့ကိုယ်သူ ပြန်မေးမိပါတယ်။
"မြေနေရာတွေ အများကြီးရဖို့ ငါ့ကိုယ်ငါ ဘာကြောင့်များ ဒီလောက် ညှင်းပန်းခဲ့ပါလိမ့်။ အခုငါ သေရတော့မယ့် အချိန်မှာ ငါ့ကို မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာပါလား"
ကျနော်တို့တွေဟာလည်း နေ့စဉ်နေ့တိုင်း ပိုက်ဆံတွေပိုရဖို့၊ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့၊ အသိအမှတ်ပြု လေးစား ခံရဖို့တွေအတွက် ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းစေနေ ကြပါတယ်။
ကိုယ့်ကို ကျန်းမာပျော်ရွှင်စေမယ့် အချိန်တွေ ပေးနိုင်တဲ့ မိသားစုတို့၊ သဘာဝပတ်ဝန်းကျင် အလှအပတို့၊ ကိုယ်နှစ်သက် မြတ်နိုးတဲ့ ဝါသနာတို့ကိုတော့ လျစ်လျူရှုထား မိကြပါတယ်။
တနေ့ ပြန်ဆန်းစစ်ကြည့်တဲ့အချိန် ကိုယ်တကောက်ကောက် လိုက်နေခဲ့တဲ့ အရာတွေဟာ ဒီလောက်ကြီး မလိုအပ်ဘူး ဆိုတာ သိနားလည်လာတဲ့ အခါမှာတော့ ကိုယ်မရခဲ့လိုက်တဲ့ အရာတွေအတွက် နောက်ကြောင်း ပြန်လှည့်လို့ မရတော့ပါဘူး။
အချိန်တွေ နှောင်းသွားပါလိမ့်မယ်။ ဘဝဆိုတာ ပိုက်ဆံရှာဖို့၊ ရာထူးအာဏာတွေ ပိုင်ဆိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ချည်းသက်သက် မဟုတ်ပါဘူး။ ဘဝဆိုတာ အလုပ်လုပ်ဖို့ချည်း သက်သက်လည်း မဟုတ်တာ သေချာပါတယ်။
အလုပ်ဟာ ကိုယ်တို့ကို နေထိုင်ရပ်တည်ဖို့အတွက် လိုအပ်သလို သဘာဝ အလှအပတွေကို ခံစားရင်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းဖို့လည်း လိုအပ်တာပါပဲ။
ဘဝဟာ အလုပ်၊ အနားယူပျော်ရွှင်ချိန်၊ မိသားစုနဲ့ ကိုယ်ပိုင်အချိန်တွေ သမမျှတနေရမယ့် အရာပါ။ ကိုယ့်ရဲ့ဘဝကို ဘယ်လို သမမျှတအောင် နေမလဲဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။
ကိုယ့်ဘဝထဲက အရာတွေအတွက် ဦးစားပေးအဆင့်တွေ သတ်မှတ်ပြီး အဲဒါတွေကို မျှတအောင် ဘယ်လိုညှိုနှိုင်းယူရမလဲဆိုတာ သိပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာတော့ ရင်ထဲကလာတဲ့ သဘာဝအသိပေါ်မှာ မူတည်ပြီး ချမှတ်ပါ။
"ပျော်ရွှင်ငြိမ်းချမ်းမှု" ဆိုတာ ဘဝရဲ့အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် ဖြစ်သလို လူသားတွေ ရှင်သန် တည်ရှိနေရခြင်းရဲ့ ဦးတည်ချက်လည်း ဖြစ်ပါတယ်။
ဒါကြောင့် သက်တောင့်သက်သာနဲ့ ကိုယ်လုပ်ချင်တဲ့ (သူတပါးကို မထိခိုက်တဲ့) အရာတွေကို လုပ်ပါ။ သဘာဝကို တန်ဖိုးထား ချစ်မြတ်နိုးပါ။
ဘဝဆိုတာ အထိအရှမခံ နုနယ်ပါတယ်။ တိုတောင်းပါတယ်။ ဒါကြောင့် ကိုယ့်ဘဝရဲ့ ဖြစ်တည်ရှင်သန်မှုကို တန်ဖိုးမထားဘဲ မနေပါနဲ့။ မျှတငြိမ်းချမ်းတဲ့ ဘဝနေမှုပုံစံနဲ့နေထိုင်ရှင်သန်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေ။ crd
0 Comments