ဘဝကိုပြောင်းလဲနိုင်သည့် စကားတခွန်း

ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတခုမှာ မိခင်တဦးက ၅ နှစ်သား ကလေးငယ်ကို ရောင်စုံ မိုးပျံပူစီဖောင်းတလုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ဆွခုန်ဆွနဲ့ ပျော်နေခဲ့တယ်။

ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း လွတ်သွားခဲ့တယ်။ ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့ ပူစီဖောင်းကို ကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ ဖြစ်နေခဲ့တယ်။

ဒါကို ထက်မြက်တဲ့ မိခင်က မြင်တော့ သားရှေ့ ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့ "သားရေ ကြည့်စမ်း ပူဖောင်းရဲ့ မေမေက ပူဖောင်းကလေးကို ထမင်းစားပြန်ဖို့ ခေါ်သွားပြီ။ သား လက်ပြ နှုတ်ဆိတ်လိုက်လေ" လို့ ပြောလိုက်တယ်။

ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့ စကားကြောင့် ကလေးက ဝမ်းနည်းတာတွေကို တဒင်္ဂ မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို လက်ပြနှုတ်ဆက် နေခဲ့တယ်။

ပါးစပ်မှာလည်း "တာ့တာ တာ့တာ" နဲ့ ဝဝကစ်ကစ် ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။

ဒီမြင်ကွင်းက ကျနော့် မျက်စိကနေတဆင့် ရင်ထဲကို စူးစူးနစ်နစ် ထိုးဝင်ခံစားစေခဲ့ပါတယ်။ မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက် မသိမသာ ပြောင်းရွေ့လိုက်ပြီး ကျန်းမာတဲ့ အမြင်ကို သားရင်ထဲ အရောက်ပို့ပေးခဲ့တယ်။

တကယ်တော့ ဘဝမှာ ဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲ ကိစ္စတွေလည်း ဖြေရှင်းပုံ မမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကို ကြီးထွားစေ နိုင်ပါတယ်။

အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က "မငိုနဲ့သား မငိုနဲ့ မေမေနောက်တလုံး ဝယ်ပေးမယ်" လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ "ကိုယ် အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊ အလျှော့ပေးမယ်" ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။

ဒီလို အတွေးမှားက အကျင့်တခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။ အကယ်၍ မိခင်က "အာ ကြည့်စမ်း ဒီလောက်တောင် တုံးရသလား၊ ပူဖောင်းတလုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင် ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့လာပြီ ဒါလေးတောင် ငါမလုပ်နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။

အကယ်၍ မိခင်က "ဟင်း ပူဖောင်းရောင်းတဲ့လူက သွားပြီ။ သားကို မေမေ နောက်တလုံး ဝယ်ပေးလို့ မရတော့ဘူး" လို့ သက်ပြင်းချ ညည်းညူခဲ့ရင် နောင်တချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့အချိန် ကလေးငယ်မှာလည်း စိတ်ပျက်ညည်းညူ၊ လက်လျော့မှုတွေ များလာတတ်ပါတယ်။

အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှု အသစ်နဲ့ ကလေးငယ်ရဲ့ ဝမ်းနည်းနေတဲ့ အာရုံကို အဝေးသို့ လွင့်စင်သွားနိုင်အောင် ဆွဲဆောင်နိုင်ခဲ့သလို ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို တံခါးဖွင့်ပေးလိုက် နိုင်ခဲ့ပါတယ်။

အဲဒီအပြင် ထမင်းစားချိန်မှာ မေမေထမင်းစားခေါ်လို့ သူပြန်သွားတယ် ဆိုတဲ့ မိခင်စကားကို နားထောင်တဲ့ ကလေးတဦးအဖြစ် ကလေးငယ်ကို လှပတဲ့အတွေး ဝင်စေခဲ့ပါတယ်။

အဆိုးကို အကောင်းပြောင်းတာ မှန်ပေမယ့် အဲဒီ အပြောင်းအလဲကြားမှာ အကျိုးရှိတဲ့ အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။ phoomyatchal

Post a Comment

0 Comments