သားတယောက်ကိုသာ မြင်သည်

တခါက ရွာတရွာမှာ မိန်းမကြီးသုံးယောက်က ရေခပ် လာကြပါတယ်။ ရေတွင်းမှာ ရေခပ်ကြရင်း သူမတို့ရဲ့ သားတယောက်ချင်းကို ချီးမွမ်းပြောဆို ကြပါတယ်။

ပထမ မိန်းမကြီးက သူ့သားက အလွန် အပြေးမြန်ကြောင်း၊ သူနဲ့သာ ပြိုင်မယ်ဆိုရင် အကုန်လုံး ရှုံးကြမယ် ဆိုတဲ့အကြောင်း ပြောရင်း သူ့သားအကြောင်းကို ဂုဏ်ယူစွာနဲ့ အခြားသော မိန်းမကြီး နှစ်ယောက်ကို ပြောပြနေပါတယ်။

ဒုတိယမိန်းမကြီးကတော့ သူ့သားရဲ့ အသံက ဘယ်လောက်ကောင်းကြောင်း၊ ဒီရွာမှာ သူ့သားရဲ့ အသံလောက် ဘယ်သူမှ နားထောင်ကောင်းအောင် သီချင်းတပုဒ်လုံး သီဆိုနိုင်မှာ မဟုတ်ကြောင်း ကျန်မိန်းမကြီး တွေကို ပြောပြပါတယ်။ တတိယမိန်းမကြီးကတော့ ဘာမှမပြောဘဲ ပြုံးလို့သာ နားထောင်နေပါတယ်။

ထိုမိန်းမကြီး သုံးယောက်ရဲ့ အနီးအနားမှာ တောင်ဝှေး တချောင်းနဲ့ အဖိုးအိုတယောက် ခရီးတထောက် နားနေပါတယ်။ ထိုမိန်းမကြီး သုံးယောက်ရဲ့ စကားတွေကိုလည်း အဖိုးအိုက အစအဆုံး ကြားနေခဲ့ ပါတယ်။

မကြာခင်မှာပဲ ရေအိုးကိုယ်စီ ရွက်လို့ မိန်းမကြီးသုံးယောက်က လာလမ်းအတိုင်း အိမ်ကို ပြန်ကြပါတယ်။ ထိုမိန်းမကြီး သုံးယောက် နောက်ကနေ အဖိုးအိုကလည်း ဖြေးညင်းစွာ လမ်းလျှောက်ရင်း လိုက်ပါလာ ခဲ့ပါတယ်။

လမ်းတဝက်ခန့် အရောက်မှာတော့ မိန်းမကြီး သုံးယောက်က ရေအိုးရွက်ရတာ လေးလာတဲ့အတွက် ခဏတဖြုတ် နားကြပါတယ်။ အဲဒီအချိန်မှာ ရွာထဲဘက်မှ ကလေးသုံးယောက် ပြေးထွက်လာ ကြပါတယ်။

ပထမမိန်းမကြီးရဲ့ ကလေးက မိခင်အနား ရောက်တဲ့အခါ သံခွေလိမ့်ရင်း ပြေးကစားနေပါတယ်။ ဒုတိယမိန်းမကြီးရဲ့ ကလေးကတော့ သာယာချိုမြိန်တဲ့ အသံနဲ့ သီချင်းတပုဒ်ကို ကောင်းမွန်စွာ သီဆိုရင်း အမေရှိရာဆီ ဖြေးညင်းစွာ လမ်းလျှောက် လာနေပါတယ်။

တတိယမိန်းမကြီးရဲ့ ကလေးကတော့ အမေရှိရာသို့ ပြေးလာပြီး အမေ ချထားသော ရေအိုးကို ကောက်ယူ သယ်ဆောင်က ရွာထဲဘက်ကို ပြန်သွားပါတော့တယ်။

ပထမမိန်းမကြီးနဲ့ ဒုတိယမိန်းမကြီးက အဖိုးအိုဘက်ကို လှည့်ပြီး သူတို့သားများ ဘယ်လောက်တော်ကြောင်း ပြောဖို့အတွက် စကားပြင်တဲ့အနေနဲ့ "အဘိုးရေ ကျမတို့ သားများ တွေ့လိုက်ပါသလား" ဆိုပြီး စကား စပါတော့တယ်။

ထိုအခါမှာ အဖိုးအိုက "ဘယ်က သားကို ပြောတာလဲ။ ငါတွေ့တာတော့ ရေအိုးကို သယ်ပြီး ရွက်သွားတဲ့ သားလိမ္မာလေး တယောက်သာ တွေ့လိုက်တယ်ကွယ်" ဆိုပြီး တတိယမိန်းမကြီးရဲ့ သားကို ချီးကျူးလိုက် ပါတော့တယ်။

ဒီပုံပြင်လေးကတော့ ပြင်ပလောကနဲ့ အနီးစပ်ဆုံး ဖြစ်ပါတယ်။ လောကမှာ မိဘတိုင်းက သားသမီးတွေရဲ့ အတော်ဆုံး အရာတွေကို လူတကာသိအောင် ကြွားချင် ပြောပြချင် ကြပါတယ်။ တကယ်တမ်း အရေးကြီးတာကိုတော့ မေ့နေတတ် ကြပါတယ်။ သားသမီးအလိမ္မာလေး ဖြစ်အောင် ပျိုးထောင်ပြုစု ကြဖို့ပါ။

မိဘကို သိတတ် လိမ္မာတဲ့ သားလိမ္မာလေး ဖြစ်ဖို့ကသာ အရေးကြီးပြီး ဘယ်နေရာ ရောက်ရောက် လူရာဝင် ပွဲလယ်တင့်နေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပျိုးထောင်တဲ့ မိဘတွေမှာလည်း အရေးကြီးသလို၊ သင်ပေးသမျှ သင်ယူနေတဲ့ သားသမီးမှာလည်း အရေးကြီးပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီပုံပြင်လေးကနေ မိမိသားသမီးကို အခြား တတ်သင့်တဲ့ ပညာတွေ သင်ပေးသင့်သလိုပဲ မိဘအပေါ် သိတတ်တဲ့ သားလိမ္မာလေး၊ လူယဉ်ကျေးလေး ဖြစ်အောင်လည်း သင်ပေးသင့်တယ် ဆိုတာကို သိလိုက်ရမှာပါ။ BAWA

Post a Comment

0 Comments