ဖိနပ်စုတ်လောက်တောင် တန်ဘိုးမရှိဘူး

တရက်မှာ ရွာသားတယောက်ဟာ ဈေးမှာ ဈေးဝင်ဝယ်ဖို့ လာရင်း မိုးကလည်း ရွာထားတော့ သူ့ဖိနပ်က ပြတ်သွားတာပေါ့။ အဲဒါနဲ့ အိတ်ထဲက စက္ကူလေးနဲ့ ထုတ်ပြီး ယူလာခဲ့တယ်။

ဈေးအဝင်ဝက ဆိုင်တဆိုင် ရောက်တော့ ဆိုင်ရှင်ကို ခေါ်ပြောလိုက်တယ်။

"အမကြီး ကျနော့် ဖိနပ်လေး ခဏထားခဲ့လို့ ရမလား ဈေးလာရင်း ပြတ်သွားလို့ပါ။ ကျနော် ဈေးကအပြန် ဝင်ယူပါ့မယ်" ဆိုတော့ အမကြီးက

"အေး ငါ့မောင် ဒီနားမှာ ထားခဲ့လိုက်"

"ဟုတ် အမ"

အဲဒါနဲ့ ဈေးဝယ်ပြီးတာနဲ့ သူဖိနပ်လေး ဝင်ယူခဲ့တယ်။

"အမ ကျနော့် ဖိနပ်လေး ယူသွားတော့မယ်ခင်ဗျ"

"အေး အေး ယူသွားလေ"

"ကျေးဇူးတင်ပါတယ် အမ။ အမက အရမ်း သဘောကောင်းတာပဲ"

"အေး ရပါတယ်ကွယ် တို့တွေက လူသားတွေပဲ။ ဒီလို ကူညီပေးရတာ အပန်းမကြီးပါဘူး"

"ဟုတ်ကဲ့ပါ အမ၊ ကျနော့်ကို သွားခွင့်ပြုပါအုံး"

"အေးပါ အေးပါ။ နောက်လည်း အကူအညီလိုရင် ပြောပေါ့"

"ဟုတ်ကဲ့ပါ အမ"

ဒီလိုနဲ့ ရွာသားလည်း ရွာကို ပြန်သွားခဲ့တာပေါ့။ နောက်တနေ့မှာတော့ သူငယ်ချင်းဖြစ်သူနဲ့ ဈေးဝယ်လာခဲ့ကြတာပေါ့။ လမ်းခရီးကကြမ်း နေကပူနဲ့ ပါလာတဲ့ သူငယ်ချင်းက အမှတ်မထင် မူးလိုက်တာ ဆိုပြီး ပြောပြောဆိုဆို လဲကျရာက အသက်ပါ ပါသွားရှာတယ်။

သူငယ်ချင်းဖြစ်သူ အမှတ်မထင် သေဆုံးရလို့ ဘာလုပ်ရမှန်း မသိတာနဲ့ အတွေးတခု ဝင်လာခဲ့တယ်။ သူငယ်ချင်းရဲ့ အလောင်းကို အဝတ်နဲ့ပတ်ပြီး ထမ်းလာခဲ့တာပေါ့။ အရင်တခါက သူဖိနပ်အပ်ခဲ့တဲ့ ဆိုင်ရှေ့ ရောက်လာတော့ အေး ဒီဆိုင် ဝင်ထားခဲ့အုံးမှပဲ ဆိုပြီး

"အမကြီး ကျနော့်ကို မှတ်မိလား"

"အော် အေး ဟိုနေ့က မင်းမို့လား ဖိနပ်ပြတ်လို့ လာအပ်သွားခဲ့တာလေ"

"ဟုတ် ဟုတ်ပါတယ် အမ ကျနော်ပါ"

"အေးအေး ပြောလေ မောင်လေး၊ အမ ဘာကူညီပေးရမလဲ"

"ဟုတ်အမ၊ ကျနော့် သူငယ်ချင်း လမ်းမှာ မူးတယ်ဆိုပြီး လဲကျသွားတာပါ။ အသက်ပါ ပါသွားခဲ့တာ။ သူငယ်ချင်းကို ဒီမှာခဏ ထားခဲ့ပါရစေ ကျနော် ရွာအပြန် ဝင်ယူပါ့မယ်"

ချက်ချင်းဆိုသလိုပဲ "ဟာ မရဘူးလေ။ ဘယ်ရမလဲ မင်းနယ်ကွယ် နမိတ်မရှိလိုက်တာ လူသေကောင်ကို ငါ့ဆိုင် ထားခဲ့မယ်လို့ ရာရာစစ။ သွား သွား ငါ့ဆိုင်ရှေ့က အခုထွက်သွားစမ်း"

အဲဒါနဲ့ ရွာသားလည်း ပြန်ထွက်အလာ ဆိုင်ရှင် အမကြီးကလည်း ဗျစ်တောက်ဗျစ်တောက်နဲ့ ကျန်ခဲ့တော့တယ်။ သူငယ်ချင်း အလောင်းကို ထမ်ပြီး ပြန်ခဲ့ရင်း ရွာသားရဲ့ အတွေးထဲမှာ

"ဪ လောကလူသားတွေဟာ မသေခင်မှာတော့ မာနတွေ တက်နေကြတာ၊ ဂုဏ်တွေ ပြိုင်နေကြတာ သေသွားပြီ ဆိုရင် ဖိနပ်စုတ်လောက်တောင် တန်ဖိုးမရှိပါလား" ဆိုပြီးတော့ပေါ့။

ဟုတ်ပါတယ်။ မသေခင် မာနတွေတက် ဘဝင်တွေမြင့် ဂုဏ်တွေမောက်။ သေသွားပြီ ဆိုရင်တော့ ချစ်လှပါပြီဆိုတဲ့ လင်မယား သမီးသားတွေက အိမ်မှာ ဘယ်သူမှ ကြာကြာ မထားချင်ကြပါဘူး။ အိုးစားတောင် ခွဲလိုက်ကြသေးတယ်။

သေရင် တန်ဖိုး မရှိတဲ့ ဒီခန္ဓာကိုယ်ကြီးကို အကုသိုလ်တွေယူပြီး မရှာမိစေနဲ့။ နေ့စဉ် ကုသိုလ်အရေးတွေ တိုးပွားအောင် အားထုတ်နိုင်ကြပါစေ။ Crd

Post a Comment

0 Comments