အဖြေမရှိသောမေးခွန်း

တခါက လင်မယားနှစ်ယောက် ရှိကြသတဲ့။ သူတို့မှာ အရွယ် မရောက်သေးတဲ့ သားလေးတယောက်လည်း ရှိတယ်။ တနေ့တော့ လင်မယားနှစ်ယောက် စကားပြောကြတယ်။

ယောက်ျားက "မင်း ငါ့ကို ဘယ်လောက်ချစ်လဲ" လို့ မေးတော့ မိန်းမက

"အသက်နဲ့ ရင်းပြီး ချစ်တယ်။ ရှင်လည်း ကျမကို ဘယ်လောက်ချစ်လဲ"

"ဘဝနဲ့ ရင်းပြီးတော့ ချစ်ပါတယ် မိန်းမရယ်"

မိဘတွေ ပြောနေတဲ့ စကားတွေကို သားဖြစ်သူက ကြားသွားတယ်။ အဲဒီတော့ သားလေးဖြစ်တဲ့သူက သူ့မိဘနှစ်ပါး ဘက်ကို လှည့်ပြီးတော့ လှမ်းမေးလိုက်သတဲ့။

"ဖေဖေနဲ့ မေမေ သားကိုဘယ်လောက်ချစ်လဲ"

"အသက်နဲ့ ရင်းလို့ ဘဝပေးကိုပါ ပေးပြီး ချစ်တာပေါ့ သားရယ်။ သားကရော ဖေဖေနဲ့ မေမေကို ဘယ်လောက် ချစ်လဲ"

သားဖြစ်သူကလည်း "ဖေဖေ မေမေတို့ရဲ့သားပဲ။ ဖေဖေနဲ့ မေမေကို အသက်နဲ့ ရင်းပြီး ဘဝပေးပြီး ချစ်တာပေါ့"

အဲဒီလိုနဲ့ မိသားစု ဘဝလေးဟာ သာယာပျော်ရွှင်စွာ နေထိုင်လာခဲ့ကြရင်း တနေ့မှာ သားဖြစ်သူဟာ အရွယ်ရောက်လာလို့ အိမ်ထောင်ပြုလိုက်တယ်။ မိဘနှစ်ပါးဟာ အားကိုးရာမဲ့တာက တကြောင်း မခွဲနိုင်တာ တကြောင်းမို့ သားဖြစ်သူဟာ မိဘတွေနဲ့ပဲ အတူ နေထိုင်ခဲ့ကြတယ်။

သားဖြစ်သူဟာ အပြင် အလုပ်သွားတိုင်း ချွေးမဖြစ်သူဟာ ယောက္ခမတွေကို နေ့စဉ် လုပ်ကျွေးရတာ ငြီးငွေ့လာတယ်။ သူတို့နဲ့လည်း အဝေးဆုံးမှာ နေပြီး အေးဆေး နေချင်လာတယ်။ အဲဒီလိုနဲ့ တနေ့တော့ ချွေးမဖြစ်သူဟာ အထုတ်အပိုးတွေနဲ့ အိမ်ရှေ့မှာထွက်ထိုင်နေတယ်။

ယောက်ျားဖြစ်သူ ပြန်လာတော့ မိန်းမကို မေးပြီလေ။

"အထုတ်အပိုးတွေနဲ့ ဘာလုပ်တာလဲ"

"ရှင့်အိမ်မှာ မနေချင်တော့ဘူး။ ဘာဖြစ်လို့လဲ လို့ လာမမေးနဲ့။ ရှင်ဒီမှာ ရှင့်မိဘတွေနဲ့ ဆက်နေမှာလား ကျမနဲ့ လိုက်မှာလား။ ကျမကတော့ ဒီမှာ လုံးဝ ဆက်နေချင်စိတ် မရှိတော့ဘူး ဆိုတာပဲ"

ယောက်ျားက "မင်းနဲ့ လိုက်နေရင် ငါ့မိဘတွေ ဘယ်လိုနေမလဲ။ ဘယ်သူ စောင့်ရှောက်မှာလဲ။ ခဏတာတော့ နေပေးပါဦးကွာ ငါကြည့်ပြီး စီစဉ်ပါဦးမယ်"

သူတို့ ပြောနေသော စကားများကို အိမ်ပေါ်က မိဘနှစ်ပါးကား မကြားသည် မဟုတ်၊ ကြားသည်။ ဒါပေမယ့်လည်း မိဘတွေရဲ့ စိတ်ထားတိုင်းပဲ မသိချင်ယောင် ဆောင်နေပေးလိုက် ကြတယ်။

ကြာလာတော့ သားလိမ်မာဟာ မယားရဲ့စကား ကြားပါများလာတော့ မိဘနှစ်ပါးအပေါ် ငြိုငြင်လာတယ်။ အပြစ်မရှိ အပြစ်ရှာ ချင်လာတယ်။ အလုပ်က ပင်ပန်းလို့ အလုပ်တွေ အဆင်မပြေတိုင်း မိအိုနဲ့ ဖအိုအပေါ်ကို ရန်တွေ လုပ်တတ်လာတယ်။

မိဘနှစ်ပါးဟာ တနေ့တော့ တိုးတိုးတိတ်တိတ်နဲ့ "ရှင်မရေ ကြာလာရင် ငါတို့ချစ်တဲ့သား အပြစ်တွေ ပိုပို ကြီးလာနိုင်လာတယ်။ ငါတို့အတွက်ကြောင့် ဒို့သားလေး ငရဲကို ကျမှာ အပြစ်ဖြစ်မှာ ငါတို့ မလိုလားဘူး။

ဒို့လည်း အရွယ်ရလာပြီပဲကွာ သားလည်း အရွယ်ရောက်လို့ သူ့ဘဝနဲ့သူ ပြည့်စုံနေလို့ ရပ်တည်နိုင် နေပါပြီ။ ရွာဦးဘုန်းကြီးဆီ သွားပြီး နေခွင့်တောင်း၊ တရားနဲ့ နေရတာ ကောင်းပါတယ်လေ" ဆိုပြီးတော့ သားဖြစ်သူ အလုပ်သွားခိုက် အထုတ်ပိုးလေးတွေနဲ့ ထွက်သွားခဲ့ ကြတယ်။

ဒီလိုနဲ့ နေလာခဲ့ကြတာ သားဖြစ်သူဟာ သမီးလေးတယောက် ရလာခဲ့ပြီလေ။ အရွယ် ရောက်လာတဲ့ သမီးလေးနဲ့ အတူ ထမင်းလက်စုံ စားကြရင်းပဲ သမီးလေးဖြစ်သူဟာ စားလက်စထမင်းလုပ်ကို မခွံ့သေးပဲ

"အဖေ သမီးကို ချစ်လား"

"ဟင် ချစ်တာပေါ့ သမီးရယ်။ ဘယ်လို မေးပါလိမ့်"

"အဖေ သမီးကို ဘယ်လောက်ချစ်လဲ"

"သြော် သမီးရယ် အဖေက သမီးရဲ့ မိဘပဲ။ အသက်ပေးပြီးတော့လည်း ချစ်ရဲတယ်၊ ဘဝပေးပြီး တော့လည်း ချစ်ရဲတာပေါ့ သမီးရယ်"

"အဖေက သမီးကို အသက်ပေးပြီးလည်း ချစ်ရဲတယ် ဘဝပေးပြီးတော့လည်း ချစ်ရဲတယ်နော်။ အဖေက သမီးကို အဲဒီလောက်တောင် ချစ်ရင် သမီးရဲ့ ဖိုးဖိုးနဲ့ ဖွားဖွား တို့ကလည်း အဖေ့ကို အဲဒီလိုပဲ ချစ်မှာပေါ့နော့"

"ချစ်တာပေါ့ သမီးရဲ့"

ထိုအခါ သမီးလေးက "အဲဒါဆိုရင် အဖေကလည်း ဖိုးဖိုးနဲ့ ဖွားဖွားကို အသက်နဲ့ရင်း ဘဝနဲ့ပါ ပြန်ရင်းပြီးတော့ ချစ်ခဲ့မှာပေါ့နော်" ထိုအခါ အဖေဖြစ်သူမှာ ဖြေစရာ အဖြေရှာနေရင်း။ Crd

Post a Comment

0 Comments