အဖိုးမဖြေနိုင်သော မေးခွန်း

အခုခေတ် ကလေးတွေဟာ လူကြီးတွေထက် ဦးနှောက်ဉာဏ် ထက်မြက်ကြတယ် ဆိုတာကို ကိုယ်တွေ့ အဖြစ်အပျက်လေး တခုနဲ့ ပြောပြချင်ပါတယ်။

တညမှာ ကျနော်ဟာ သူငယ်ချင်းအိမ်ကို သွားလည်ပါတယ်။ ကံဆိုးချင်တော့ သူနေတဲ့ ရပ်ကွက်မှာ မီးပျက်နေလို့ သူ့အိမ်မှာလည်း မီးပျက်နေပါတယ်။

သူငယ်ချင်းက အိမ်နောက်ဖက်မှာ ထမင်းစားနေလို့ ကျနော့်ကို အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်စောင့်ခိုင်းထားတယ်။ သူ့မြေးလေးကို ကျနော်ထိုင်နေတဲ့ စားပွဲမှာ ဖယောင်းတိုင် ထွန်းခိုင်းလိုက်တာကို ကြားလိုက်ရတယ်။

သူ့မြေးလေးဟာ ကျနော့်စားပွဲမှာ မီးခြစ်နဲ့ ဖယောင်းတိုင် ထွန်းပေးလိုက်လို့ စားပွဲနေရာမှာ အတန်ငယ် လင်းသွားပါတယ်။ ကလေးလေးဟာ အသက် ၆ နှစ်လောက် ရှိပြီး ချစ်စရာ ကောင်းပါတယ်။

ကျနော်က သူ့ကို စနောက်ချင်လို့ ခုလို ပြောလိုက်ပါတယ်။ "မြေးလေး၊ အခု ဒီဖယောင်းတိုင်က မီးဟာ ဘယ်ကလာတာလဲ"

ကလေးဟာ ရုတ်တရက် စဉ်းစားနေလိုက်တယ်။ သူ မဖြေနိုင်ပဲ စဉ်းစားနေတာကို ကြည့်ပြီး ကျနော် သဘောကျနေမိတယ်။

ရုတ်တရက် သူဟာ ဖယောင်းတိုင်မီးကို ပါးစပ်နဲ့ မှုတ်လိုက်တယ်။ အခန်းဟာ ပြန်မှောင်သွားတယ်။

ကလေးက ကျနော့်ကို အခုလို ပြန်ပြောပါတယ်။ "ဖိုးလေး၊ အခု မီးဟာ ဘယ်ကို ပြန်သွားသလဲ။ မီးဟာ လာတဲ့ နေရာကို ပြန်သွားတာမို့ ပြန်သွားတဲ့ နေရာကို သိရင် လာတဲ့နေရာကို သိနိုင်ပါတယ်" တဲ့။

ကျနော် ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားပါတယ်။ ပညာတွေ တတ်တယ်၊ အတွေ့အကြုံတွေ အများကြီး ရှိတယ် ဆိုပြီး ဆရာကြီး လုပ်နေတဲ့ ကျနော်ဟာ ၆ နှစ်သားက လေးရဲ့ တန်ပြန်မေးခွန်းကို ဖြေနိုင်စွမ်း မရှိပါဘူး။

ဒါကြောင့်မို့ လူငယ်တွေဟာ လူကြီးတွေလောက် မတော်ဘူး၊ မသာဘူးလို့ ပြောကြတာ မှန်ပါ့မလား။ ကဲ မိတ်ဆွေတို့လည်း သူ့မေးခွန်းကို ဖြေနိုင်ရဲ့လား။ ဗန်းမော်သိန်းဖေ

Post a Comment

0 Comments