ဉာဏ်ကောင်းသော ငပျင်း

တခါတုန်းက ရွာတရွာမှာ မိဘမဲ့ ကောင်လေးတယောက် ရှိတယ်။ သူက အရမ်းအပျင်းထူတဲ့အတွက် တရွာလုံးက သူ့ကို ငပျင်းဆိုတဲ့ နာမည်ကိုပဲ ခေါ်ကြတယ်။ မိဘကလည်း မရှိလေတော့ အရမ်းဆင်းရဲတာပေါ့။

သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကို ခိုင်းသတဲ့။ နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေးတကောင်ကိုလည်း သူ့ကို လက်ဆောင် ပေးသေးတယ်။

ဒီလိုနဲ့ ငပျင်းဟာ ရွာပြင်ထွက်ပြီး ရွာထဲက နွားတွေကို ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့ နွားတွေကပိန်ခြောက်လာပြီး သူ့နွားပိန်လေးက ဝဖီးလာတယ်။

အဲဒါနဲ့ ရွာသားတွေက မကျေနပ်လို့ လိုက်ချောင်းကြတော့ ငပျင်းဟာ စားကျက်ထဲ ရောက်တာနဲ့ သူ့နွားကလွဲရင် ကျန်တဲ့နွားတွေကို သစ်ပင်ရိပ်မှာ ချည်ပြီး သူက အိပ်နေတယ်။ ညနေရောက်မှ နွားတွေနဲ့အတူ ရွာထဲ ပြန်လာတာပေါ့။ အဲဒီမှာ ရွာသားတွေက သူ့ကို သတ်ပစ်ချင်ကြတာပေါ့။

သူကြီးက သက်ညှာသောအားဖြင့် သူ့နွားကို ရွာသားတွေက သတ်စားစေ ဆိုပြီး အမိန့်ချလိုက်တယ်။ ဒါနဲ့ငပျင်းလည်း "နွားကိုသတ်စားရင် စားပါ၊ နွားသားရေကိုတော့ သူ့ကိုပေးပါ" လို့ တောင်းတယ်။ ရွာသားတွေကလည်း သားရေက အရေးမကြီးတော့ ပေးလိုက်တယ်။

ငပျင်းလည်း နွားသားရေကို ပုဆိုးစုတ်နဲ့ ထုပ်ပိုးပြီး ရွာကနေ ထွက်လာလိုက်တယ်။ ခြေဦးတည့်ရာ သွားလိုက်တာ တောအုပ်တခုထဲ အဖြတ်မှာ မိုးကချုပ်သွားတယ်။ အဲဒါနဲ့ နီးစပ်ရာ ညောင်ပင်ကြီးတပင်ပေါ်မှာ တက်အိပ်လိုက်တယ်။

ညလည်း နက်ရော သူအိပ်နေတဲ့ ညောင်ပင်ကြီးအောက်မှာ လူတစု ရောက်နေတာ တွေ့လိုက်ရတယ်။ သူတို့အပြောအရ အဲဒီနယ်တဝိုက်မှာ ကျက်စားနေတဲ့ ဓါးပြအုပ်စု ဖြစ်နေတယ်။ ဝေစုခွဲရင်း အရက်ထိုင်သောက်နေကြသည်။

ငပျင်းလည်း ကြောက်လန့်ပြီး ခုအိပ်ထားတဲ့ နွားသားရေခြောက်က ဓါးပြတွေပေါ်ကို ပြုတ်ကျသွားတယ်။ ဓါးပြတွေလည်း ညောင်ပင်က သရဲခြောက်တယ် ထင်ပြီး ဘာမှမယူနိုင်ပဲ ပြေးပါလေရော။

ငပျင်းလည်း တော်တော်ကြာသွားတော့မှ ဓါးပြတွေရဲ့ စားကျန်တွေစား တိုက်ရာပါ ပစ္စည်းများထဲက တဝက်ကိုယူ၊ တဝက်ကို သူ့ရဲ့ နွားသားရေခေါက်နဲ့အတူ မြေမြုပ်ထားခဲ့ပြီး ရွာကို နောက်နှစ်ရက်လောက်နေတော့ ပြန်လာခဲ့တယ်။

ရွာသားတွေက သူ့ကိုမြင်တော့ တော်တော် အံ့သြသွားတယ်။ ကိုယ်ပေါ်မှာ စိန်တွေ ရွေတွေနဲ့ သီးနေတာကိုး။ အဲဒါနဲ့ မနေနိုင်ပဲ မေးကြတာပေါ့။ ငပျင်းကလည်း

"ကျနော့်နွားလေးကို သတ်စားလိုက်ကြတာ ကျေးဇူးတင်လိုက်တာဗျာ။ ဟိုး နေပြည်တော်ဖက်မှာ နွားသားရေတွေ အရမ်းဈေးကောင်းနေတာဗျ။ နွားသားရေ တခုထဲမို့လို့ ဒီလောက်ပဲ ရခဲ့တာ။ တခြားရွာကလူတွေဆို ဒီအကြောင်းသိလို့ သွားရောင်းကြတာ တရွာလုံး သူဌေးဖြစ်နေပြီ။ ဒီရွာကလူတွေက ညံ့ပါတယ်" လို့ပြောတာပေါ့။

အဲဒါနဲ့ ရွာသားတွေလည်း သူ့စကားယုံပြီး နွားတွေသတ်ပြီး နေပြည်တော်ဘက်မှာ သွားရောင်းကြတာပေါ့။ ဟိုက လူတွေက သူတို့ကိုအရူးတွေထင်ပြီး မောင်းထုတ်လိုက်ကြတယ်။ ရွာသားတွေလည်း စိတ်တိုပြီး ပြန်လာကြတယ်။

ရွာရောက်တော့ ငပျင်းရဲ့ အိမ်ကို မီးဝိုင်းရှို့လိုက်ကြတယ်။ ငပျင်းလည်း အိမ်ကို မီးရှို့ပြီး ထွက်လာတဲ့ ပြာကိုတော့ သူ့ကိုပေးပါလို့တောင်းတယ်။ ရွာသားတွေကလည်း ပေးတယ်။ ငပျင်းက ပြာကို ပုဆိုးနဲ့ ထုပ်ပိုးပြီး ရွာကနေ ထွက်လာခဲ့တယ်။

အရင်တခါ ပစ္စည်းတွေ မြေမြှုပ်ထားတာကို ပြန်ဖော်ပြီး သုံးရက်နေတော့ ရွာပြန်လာတယ်။ ဒီတခါလည်း ရွှေတွဲလွဲ ငွေတွဲလွဲ ဆိုတော့ရွာသားတွေက မေးပြန်ရော။

ငပျင်းလည်း "အရှေ့ဖက်ကို သုံးရက်ခရီးသွားရင် အဲဒီမှာ သာယာကုန်းဆိုတဲ့ ရွာရှိတယ်ဗျ။ အဲဒီရွာက အိမ်ကိုမီးရှို့လို့ ထွက်လာတဲ့ ပြာနဲ့ ပြာဆေးဖော်ရောင်းတယ်။ သူတို့ရွာက သစ်တွေ ဝါးတွေက ဆေးဖက်မဝင်တော့ တခြားရွာက အိမ်မီးရှို့တဲ့ ပြာကို ဝယ်ရတယ်လေ။

သူတို့ဆေးက စွမ်းတော့ ရောင်းကောင်းပြီး သူဌေးတွေဖြစ်နေပြီ။ တခြားရွာက သူတွေလည်း ပျာရောင်းပြီး ချမ်းသာနေပြီ။ ပြာထဲမှာမှ ကျုပ်ပြာက အကောင်းဆုံးဆိုပဲ။ ဒါကြောင့် ဈေးကောင်းပေးပြီး ဝယ်တာလေ။ ဒါတောင် ပြာက နည်းနည်းပဲပါသွားလို့ပေါ့"

အဲဒါနဲ့ ရွာသားတွေလည်း အိမ်တွေကို မီးရှို့ကြပြီး ပြာတွေကို လှည်းတွေပေါ်တင်ပြီး ပြာသွားရောင်းကြတယ်။ ထုံးစံအတိုင်း ဒေါသငယ်ထိပ်ရောက်ပြီး ပြန်လာရပြန်ရော။ ရွာသားတွေ တိုင်ပင်ရတော့တာပေါ့။

ငပျင်းကြောင့် ခိုင်းနွားတွေလည်းဆုံး၊ အိမ်တွေလည်း ဆုံးဆိုတော့ ဒီကောင့်ကို သေဒဏ်ပေးမှ ဖြစ်မယ် ဆိုပြီး ရွာဘေးချောင်းက ငါးထောင်တဲ့မြှုံးတိုင်မှာ ချည်ထားပြီး ရွာပြန်လာကြတယ်။ ဒီရေတက်လာရင် ရေစီးနဲ့အတူ မျောပါသွားအောင်ပေါ့။

ငပျင်းလည်း ဒီတခါတော့ သေပြီဆိုပြီး မှိုင်တွေနေတုန်း တခြားရွာက လူတယောက်က မျက်လုံးတဖက်လပ်နေတဲ့ ကျွဲထီးတကောင်ကို ဆွဲပြီးလျှောက်လာရင်း သူ့ကိုမြင်သွားတယ်။ အဲဒီလူက လှမ်းမေးတယ်။ "ဟေ့လူ ခင်ဗျားကို ဘယ်သူတွေက ဒီလိုချည်ထားတာလဲ" တဲ့။

ငပျင်းကလည်း "ကျုပ်ရွာသားတွေပေါ့ဗျာ။ ကျုပ်ကို အတင်း သူကြီးလုပ်ခိုင်းတယ်လေ။ မလုပ်ချင်ဘူးဆိုတာနဲ့ ဒီမှာ လာချည်ထားကြတာ" အဲဒီလူကလည်း "နေရာချင်းသာ လဲချင်တယ်ဗျာ။ သူကြီးဖြစ်ဖို့ဆိုတာ အိမ်မက်တောင် မမက်ဖူးဘူး"

ငပျင်းကလည်း "တကယ်လား၊ ဒါဆိုလွယ်ပါတယ်။ နေရာချင်း လဲမယ်လေ။ ရွာသားတွေကို အဲဒါတော့ အကြောင်းကြားရမယ်" ဆိုပြီး အဲဒီလူကို သူ့နေရာမှာ ချည်ခဲ့ပြီး သူကတော့ ကျွဲကိုလက်ကဆွဲ ရွာထဲကို ပြန်ဝင်သွားတယ်။

အဲဒီကျွဲပိုင်ရှင်လည်း ရေတက်ချိန်မှာ ရေစီးနဲ့မျောပါသွားရော။ ရွာသားတွေကလည်း ငပျင်းကို မသေတဲ့အပြင် ကျွဲတကောင်နဲ့ တွေ့ရပြန်တော့အံ့သြကြပြီး မေးတာပေါ့။ ငပျင်းကလည်း

"အဲဒီချောင်းက ရေစီးသန်တယ်။ ခင်ဗျားတို့က တခါမှ ရွာပြင်မထွက်တော့ ဘယ်သိမှာလဲလေ။ ရေစီးနဲ့အတူ ကျွဲတွေ မျောလာတာ။ ချောင်းက ကျယ်တော့ ချောင်းလယ်ရောက်လေ ကျွဲကကြီးလေပဲ။ ကျုပ်ကို ရေနက်နက်မှာ မချည်ခဲ့တော့ ဒီမျက်လုံးတဖက် လပ်နေတဲ့ကျွဲပဲ ရခဲ့တာပေါ့"

ရွာသားတွေကလည်း ယုံပြီး သူ့ထက်ငါဦးအောင် ငါးထောင်တဲ့ မြှုံးမှာ အချည်ခံကြတော့တာပေါ့။ ရွာလုံးကျွတ် ရွာသားတွေအကုန်ပဲ။ ရေနက်လေ ကောင်းလေဆိုတော့ ငပျင်းက သူတို့ကို ချောင်းလည်မှာ ချည်ထားလိုက်တယ်။

မိန်းမတွေနဲ့ ကလေးတွေကတော့ ကမ်းပေါ်မှာ စောင့်နေကြတယ်။ ဒီရေလည်းတက်လာရော ရေစီးကြမ်းတဲ့ ချောင်းရေနဲ့ မျောပါသွားကြတယ်။အစအနတောင် မမြင်ရတော့ဘူး။ ငပျင်းလည်း လင်တွေ ပြန်အလာကို စောင့်နေတဲ့ မိန်းမတွေဆီ အော်ပြောလိုက်တယ်။

"ကဲ၊ ဦးနှောက်မရှိတဲ့ သူတွေတော့ သွားကြပြီ။ နင်တို့တွေ ဒီနေ့ကစပြီး ငါ့မယား ဖြစ်သွားကြပြီ။ ငါ့ကို လုပ်ကျွေး ပြုစုကြပေတော့" လို့ ဆိုလိုက်သတဲ့။ Argyi

Post a Comment

0 Comments