မေတ္တာပေးရင် မေတ္တာရမယ်

တောက် စောစောစီးစီး ကျက်သရေကို မရှိဘူး။ ဟိုဘက်အိမ်က လူတွေ သူခိုးတွေကွာ ဖေဖေ့ကို သွားပြောမယ်။

"ဖေဖေ၊ ဘေးအိမ်ကလူတွေ သားတို့ သရက်သီးကို လာခိုးခူးနေတယ်" လို့ ကလေးသေးသေးလေးဟာ ပြေးလာပြီး သူ့အဖေကို လာတိုင်ပါတယ်။

အဖေလည်း ရယ်မောရင်း ဒီလို ပြန်ပြောလိုက်ပါတယ်။

"သူခူးပြီးနောက် တို့တွေဆီမှာ အများကြီးပဲ ကျန်နေသေးလား"

"အပင်ပေါ်မှာ အများကြီးပဲ ကျန်ပါတယ် ဖေဖေ"

"ဒါဆိုရင် သရက်သီး ၇ လုံးလောက် သွားခူးပြီးတော့ ဖေဖေ့ဆီကို ယူလာပေးပါ"

ကလေးဟာ သူ့ဖေဖေက အိမ်နီးနားချင်းတွေ လာထပ်ခူးရင် ကုန်သွားမှ ကြောက်ပြီး၊ သူ့ကို ဒီလို သရက်သီး သွားခူးခိုင်းနေတာလို့ နားလည်လိုက်ပါတယ်။ ဒါကြောင့် သရက်သီးကို အပြေးလေး ခူးပြီးတော့ သူ့အဖေကို သွားပေးမယ်ပေါ့။

သရက်သီးတွေ ခူးဆွတ်ပြီးနောက် ပွေ့ပိုက်ပြီး အဖေကို လာပေးလိုက်ပါတယ်။ ကိုယ်ပိုင်တဲ့ အရသာရှိရှိ သရက်သီးကို စားရတာလောက် အာဟာရသိဒ္ဓိ ပြည့်ဝတာ မရှိလောက်ပါဘူး။

ဒါပေမယ့် တကယ်တမ်းမှာတော့ ဖေဖေဟာ သရက်သီးတွေ အကုန်လုံးကို ခြင်းလေးထဲကို လှပစွာစီတန်း ထည့်လိုက်ပါတယ်။ ပြီးနောက် ကလေးရဲ့လက်ကို ဆွဲပြီး ခုနတုန်းက သရက်သီး လာခိုးခူးနေတဲ့ အိမ်ရှေ့က လူခေါ် ခေါင်းလောင်းကို နှိပ်လိုက်ပါတယ်။ ကလေးက အံ့ဩလို့ပေါ့။ သူ့ဖေဖေရဲ့ လုပ်ရပ်ကို နားမလည်နိုင်တော့ပါဘူး။

အိမ်ရှင်ဟာ လူလတ်ပိုင်းပါပဲ။ သူ့မျက်နှာဟာ အမှားတခုခုကို ကျူးလွန်ထားလို့ လိပ်ပြာမလုံသလို မျိုးပါ။ သူဟာ ခြံစည်းရိုးတံခါးပေါက်ကို လာဖွင့်ပေးချိန်မှာတော့ အဖေက ဒီလို ပြောလိုက်ပါတယ်။

"ကျနော့်ရဲ့ ခြံထွက် သရက်သီးကို ခြံစည်းရိုးချင်းကပ်ရက် အိမ်နီးနားချင်းကို လာပေးတာပါ ခင်ဗျာ။ ရှေးဘဝရေစက်ပါလို့ ဒီလိုလာဆုံကြရတာလေ။ လိုတာရှိရင်လဲ ပြောပါခင်ဗျာ"

အဲဒီလူဟာ ဝမ်းနည်း တောင်းပန်ရိပ်တွေ သူ့မျက်နှာမှာ ထင်ဟပ်လာရင်း ဖေဖေ့ကို ခနလေး စောင့်နေပေးပါ လို့ ပြန်ပြောလိုက်ပါတယ်။ ခဏနေတော့ ခုနက ပေးလိုက်တဲ့ ခြင်းကို ဆွဲပြီး ပြန်ထွက်လာပါတယ်။ အခုတော့ ခြင်းထဲမှာ ကြက်ဥတွေ အပြည့် ဖြစ်နေပြန်ပါပြီ။

"ကျနော် ကြက်တွေ အများကြီး မွေးထားပါတယ်။ ကျနော့်ရဲ့ ကြက်ဥကို ခင်မင်မှု အထိမ်းအမှတ်အဖြစ် လက်ဆောင် ပြန်ပေးပါရစေခင်ဗျာ"

ဖေဖေဟာလည်း "ကျေးဇူးတင်ပါတယ် ခင်ဗျာ"

ပြီးတော့ ကလေးရဲ့ လက်ကိုဆွဲပြီး၊ အိမ်ပြန်လာခဲ့ ပါတယ်။

ကလေးဟာ သူ့ဖေဖေကို နားမလည်စွာနဲ့ မေးလာပါတယ်။

"ဖေဖေက ဘာဖြစ်လို့ သရက်သီးတွေကို သူ့ကို သွားပေးရတာလဲဟင်။ အမှန်ဆို ဖေဖေလုပ်သင့်တာက ခါးထောက်ပြီး ငါ့သရက်သီးတွေ ခိုးခူးထားတာ အကုန်ပြန်ပေး၊ အခုချက်ချင်း ပြန်ပေး၊ ဇွတ်တောင်းရမှာလေ"

"တကယ်လို့များ ဖေဖေက သရက်သီးတွေကို ပြန်ပေး၊ အခုချက်ချင်း ပြန်ပေးလို့ ဇွတ်တောင်းလိုက်ရင် အိမ်နီးချင်းတယောက် ဆုံးရှုံးသွားမယ်။ စိတ်ဆိုး၊ စိတ်ကောက်၊ အမုန်းပွား၊ အညှိုးအတေး ထားလာကြမယ်။

အခုဖေဖေတို့ သရက်သီး ၇ လုံး သွားပေးတယ်။ ခုနက သူ ၁ လုံး ခိုးခူးထားတယ်။ ၈ လုံး ဖြစ်သွားပြီ။ ဒါပေမယ့် ဖေဖေတို့ ပြန်ရလိုက်တာက အိမ်နီးချင်း မိတ်ဆွေတယောက်ရယ်၊ ခြင်းအပြည့် ကြက်ဥတွေရယ်လေ။

သား စဉ်းစားပေးပါ၊ ဘယ်ဟာပိုကောင်းလဲ လို့လေ။ အဓိက ကိုယ်လိုချင်တာကို သူများကိုအရင် ပေးတတ်ရတယ်။ မေတ္တာ လိုချင်ရင် ကိုယ်အရင် မေတ္တာ ပေးတတ်ရမယ်။ ရန်ပေးရင် ရန်ပဲပြန်ရမယ်။

ကိုယ်ပေးသလောက် ပြန်ရတတ်တာ မေတ္တာတရားပဲ။ မင်းမှာ မိတ်ဆွေတယောက် တိုးတာလား၊ ရန်သူတယောက် တိုးလာလား ဆိုတာဟာ မင်းရဲ့ လုပ်ရပ်တွေအပေါ် အမြဲ မူတည်နေတတ်တာ မှတ်ထားပါ"

စိတ်ခံစားမှု နောက်ကို လိုက်နေရင် ပြဿနာတွေကိုပဲ မွေးဖွားပေး လာတတ်တယ်။ အသိ၊ ပညာ၊ သတိ၊ ထွက်ပေါက်၊ စိတ်ခံစားမှု အရ လိုက်လုပ်ရင် လူသားအချင်းချင်း ပြဿနာ အစပျိုးလာပြီး အချိန်တွေ ကြာလာရင် ပြဿနာကြီးတွေ ဖြစ်လာတတ်ပါတယ်။

လူဟာ လူစိတ်မွေးပြီး လူအချင်းချင်း လူလိုသိ၊ ကိုယ်ချင်းစာ၊ စာနာ၊ နားလည်၊ ခွင့်လွှတ်တတ်ရင်၊ မုန်းစကိုတို ချစ်စကို ရှည်စေတတ်ရင် လူ့ဘဝကြီးဟာ နေပျော်စရာ၊ ကြည်နူး ပီတိ ဖြစ်စရာတွေ အပြည့်နဲ့ပါလားလို့ အမြင်မှန် ရလာနိုင်ပါတယ်။ phoomyatchal

Post a Comment

0 Comments