တခါတုန်းက ရွာတရွာမှာ အမျိုးသားတဦးရှိသတဲ့။ သူဟာ တက္ကသိုလ်ဘွဲ့ မရခဲ့ပေမယ့် အထက်တန်းပညာကို သင်ယူတတ်မြောက်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ အခါမှာတော့ မိဘတွေဟာ သူ့အတွက် မိန်းမတယောက် ရှာပြီး ပေးစားလိုက် ပါတယ်။
ဒီလိုနဲ့ သူဟာ မိဘတွေ ပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီးနောက် ထိုရွာလေးမှာပဲ ကျောင်းဆရာအဖြစ် စာသင်ပြ ပေးပါတယ်။ ဒါပေမယ့် သူဟာ စာသင်ကြားရာမှာ အတွေ့အကြုံ မရှိသောကြောင့် တပတ်တောင် မခံပါဘူး။
ကျောင်းသားတွေရဲ့ သဘောထား မှတ်ချက်တွေကြောင့် ထုတ်ပယ်ခြင်း ခံရပါတယ်။ ဒါ့ကြောင့် သူဟာ အိမ်ကို ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ပါတယ်။
အိမ်ပြန်ရောက်ပြီးနောက် အိမ်သူသက်ထားက သူ့ကို မျက်ရည် သုတ်ပေးပြီး နှစ်သိမ့်စကား ပြောပေးပါတယ်။ "အတွေ့အကြုံ ဝမ်းစာ မပြည့်သေးတဲ့ အချိန်မှာ တချို့လူတွေကတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြနိုင်တာလည်း ရှိသလို မထုတ်ပြ နိုင်တာလည်း ရှိတတ်ပါတယ်။
ဒီအတွက် နဲ့တော့ ဝမ်းနည်းဖို့ မလိုပါဘူး။ ရှင်နဲ့ ပိုသင့်တော်မယ့် အလုပ်တွေက ရှင်လုပ်ဆောင်ဖို့ စောင့်ရင် စောင့်နေမှာပါ" လို့ ပြောခဲ့ပါတယ်။
နောက်တော့ သူဟာ အပြင်ထွက်ပြီး အလုပ်တခုမှာ ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူဌေးရဲ့ အလုပ်ထုတ်တာ ခံလိုက်ရပါတယ်။ အကြောင်းကတော့ အလုပ်လုပ်တာ နှေးလို့ ပါတဲ့။ အိမ်ပြန်ရောက်တဲ့ အခါမှာ ထုံးစံအတိုင်း သူ့ဇနီးက အားပေးစကား ပြောပြန်တယ်။
"ခြေလက် ဆိုတာ နှေးတာလည်း ရှိသလို မြန်တာလည်း ရှိတာပဲလေ။ တခြားလူတွေက လုပ်လာတာ နှစ်တွေ အများကြီး ကြာခဲ့ပြီလေ။ ရှင့်ကျတော့ တသက်လုံး စာဖတ်လာတော့ ဒီလိုအလုပ်မျိုး လုပ်တဲ့အခါမှာ ဘယ်လိုလုပ် မြန်လိမ့်မလဲ"
ဒါပေမယ့် သူဟာ ဇွဲမလျော့ပဲ အလုပ်တွေ အများကြီး ထပ်လုပ်ခဲ့တယ်။ ဒါပေမယ့်လို့ သူလုပ်သမျှ အလုပ်တိုင်းဟာ အကြောင်းတခုမဟုတ် တခုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
ဒါပေမယ့်လည်း သူ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာတဲ့ အခါတိုင်း သူ့ဇနီးက အမြဲ နှစ်သိမ့်လေ့ရှိပြီး သူ့အပေါ်မှာလည်း တခါမှ မညည်းညူခဲ့ပါဘူး။
ဒီလိုနဲ့ သူရဲ့အသက် ၃၀ ကျော်တဲ့ အခါမှာ သူဟာ ဘာသာစကား သင်ကြားရေးမှာ ပါရမီ အထုံရှိသူ ဖြစ်တဲ့အတွက် မသန်စွမ်း သူတွေအတွက် ဖွင့်ထားတဲ့ သင်တန်းကျောင်းမှာ နည်းပြအလုပ် ဝင်လုပ်ပါတယ်။
နောက်တော့ သူဟာ မသန်စွမ်းသူများ သင်တန်းကျောင်း တခုကို ထူထောင် လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ မြို့ အများအပြားမှာ မသန်စွမ်းသူသုံး ပစ္စည်းအရောင်းဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ ပါတယ်။ ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းနဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးတဦး ဖြစ်လာပါတယ်။
တနေ့မှာတော့ အောင်မြင်သူတို့ရဲ့ စကားသံများ အစီအစဉ်ကနေ စီစဉ်တင်ဆက်သူက သူ့ဇနီးကို မေးပါတယ်။ "မိမိကိုယ်တိုင်တောင် ရှေ့ရေး မရေရာဝေဝေါးတဲ့ အချိန်အခါမှာ ဘယ်လိုအကြောင်းကများ သူ့အပေါ် ယုံကြည်ကိုးစားချက် ရှိစေခဲ့ပါသလဲ"
သူ့ ချစ်ဇနီး ပြန်ဖြေတဲ့ အဖြေမှာ ရိုးရှင်းပြီး လွယ်ကူလှပါတယ်။ သူမ ပြန်ဖြေလိုက် တာကတော့ "မြေတကွက်ဟာ ဂျုံစိုက်လို့ မသင့်တော်ရင် ပဲစမ်းစိုက်ကြည့်လို့ ရတာပေါ့။ ပဲထွက် မကောင်းရင် သစ်သီးပင် စားပင် စိုက်လည်း ရတာပဲ။
တကယ်လို့ သစ်သီးပင် စားပင် မဖြစ်ထွန်းလည်း ပန်းမျိူးစေ့တွေ နဲနဲကြဲကြည့်ပြီး ပန်းပွင့်အောင် စိုက်နိုင်တာပဲ။ အကြောင်းကတော့ မြေတကွက်မှာ သူနဲ့ ကိုက်ညီမယ့် မျိူးစေ့ တစေ့စေ့ကတော့ ရှိလာမှာပါ။ နောက်ဆုံးမှာ သူနဲ့ သက်ဆိုင်တဲ့ ရိတ်သိမ်းမှုကတော့ ရှိလာမှာပေါ့"
အိမ်သူသက်ထားရဲ့ စကားလည်း ကြားရော ယောကျာ်းဖြစ်သူဟာ မျက်ရည်ကျလာပါတယ်။ တကယ်တော့ သူ့ဇနီးသည်ရဲ့ ဇွဲကောင်းပြီး စဉ်ဆက်မပြတ်တဲ့ ယုံကြည်ကိုးစားမှုနှင့် ချစ်ခြင်းမေတ္တာတို့သည် မာကျောကြံ့ခိုင်သည့် စစ်မှန်သော မျိူးစေ့ပင် ဖြစ်နေလေသည်။
သူ၏ ဆန်းကြယ်မှုတို့သည် ထိုမျိူးစေ့လေးကို မှီခိုပြီးမှ ရှင်သန် ကြီးထွားခဲ့သော ဆန်းကြယ်မှုတို့ပင် ဖြစ်သည်။ လောကမှာ သုံးစား၍ မရသောသူ ဟူ၍ မရှိပါ။ လူမှန် နေရာမှန် နေရာချထားမှု မမှန်ခြင်းသာ ဖြစ်ပေလိမ့်မည်။ NayLinnOo
0 Comments