မျောက်ကလေးနှင့် အုန်းသီး

တခါတုန်းက မျောက်တကောင် ရှိခဲ့တယ်။ သူနေတဲ့ ဥသျှစ်ပင်မှာလည်း ဥသျှစ်သီးတွေက အပြည့်ပဲ။ ဘေးက ငှက်ပျောပင်မှာလည်း ငှက်ပျောသီးတွေ အပြည့်။

ဒါပေမယ့် သူဟာ မုဆိုးတယောက်ရဲ့ တဲဘေးက အုန်းသီးကို မုဆိုးလစ်ရင် စားဖို့ပဲ တွေးနေသတဲ့။ မုဆိုးကလည်း ဒါကို သိတယ်။ သူကလည်း ဒီမျောက်ကို ဘယ်လို ဖမ်းရမလဲလို့ နေ့တိုင်း တွေးနေတယ်။

တနေ့တော့ မုဆိုးက အကြံရပြီး မျောက်မြင်သာမယ့် တဲဘေးမှာ အုန်းသီးကို အပေါက်ဖောက်ပြီး လက်နှိုက်ပြ လိုက်တယ်။ ပြီးတော့ လက်ကို ပြန်ထုတ်ပြီး ပါးစပ်ထဲကို စားစရာ တခုခု ထည့်သလို လုပ်ပြလိုက်တယ်။

မျောက်တွေက လူတွေလုပ်သလို လိုက်လုပ်လေ့ ရှိတယ် ဆိုတာကို မုဆိုးက ကောင်းကောင်း သိထားတယ်။ မျောက်ခေါင်းထဲမှာ ဒီမုဆိုးက အုန်းသီးထဲက တခုခုကို နှိုက်စားနေတာ၊ သူလစ်ရင် အုန်းသီးကို သွားကြည့်မယ်၊ စားစရာရှိရင် စားမယ်ပေါ့။

နောက်တနေ့မှာတော့ မုဆိုးက မျောက်ကို ဖမ်းဖို့အတွက် အုန်းသီးထဲကို ငှက်ပျောသီးတချို့ ထည့်လိုက်တယ်။ ဒါမှ မျောက်က နှိုက်မှာ မဟုတ်လား။

ပြီးတော့ အုန်းသီးကို ကြိုးတချောင်းချည် ကျန်တဖက်ကို အိမ်တိုင်မှာ ချည်ထားပြီး အပြင်ထွက်ချင်ယောင် ဆောင်ပြလိုက်တယ်။

မျောက်ကလည်း မုဆိုးထွက်သွားပြီ ဆိုတာနဲ့ အုန်းသီးကို သွားကြည့်ပြီး ငှက်ပျောသီးကို တွေ့တော့ လက်နဲ့ နှိုက်လိုက်တယ်။ ဒါပေမယ့် ခက်တာက အထဲက ငှက်ပျောသီးကို လက်နဲ့ ဆုပ်ထားတော့ လက်ထည့်တုန်းကလို မဟုတ်တော့ပဲ အပေါက်က လက်ပြန်ထုတ်ဖို့ အရမ်းသေးသွားတယ်။

သူ ကြိုးစားသေးတယ်။ ဒါပေမယ့် လက်က ထုတ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ အထဲက ငှက်ပျောသီးကို ရလိုဇောနဲ့ သူဆုပ်ကိုင်ထားလို့ ပါပဲ။ မုဆိုးက အဲဒါကို မြင်တဲ့အခါ တဲကိုပြန်လာပြီး မျောက်ကို အလွယ်တကူ ရိုက်သတ်လိုက် ပါသတဲ့။

ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘဝတွေ ထဲမှာလည်း အလားတူ အဖြစ်မျိုး ကြုံရတတ်ပါတယ်။ တခါတလေ ကျနော်တို့ လိုချင်တဲ့အရာတွေဟာ သေသေချာချာ တွေးကြည့်ရင် သေးသေးဖွဲဖွဲနဲ့ သိပ်အသုံးမဝင်တာတွေ ဖြစ်နေတတ်တယ်။

ကျနော်တို့ဟာ အဲ့ဒီအရာတွေရဲ့ အကျဉ်းသားတွေ အဖြစ်နဲ့ပဲ ဘဝ ဇာတ်သိမ်းကြရတယ်။ အဲဒီ မလိုအပ်တဲ့ အရာတွေကို လွှတ်ချနိုင်မှသာ ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ crd

Post a Comment

0 Comments