(၁) တနေ့မှာ လူတယောက်ဟာ ချက်တင်မှာ ခင်တဲ့ ကောင်မလေးနဲ့ ချိန်းခဲ့တယ်။ အဲဒီကောင်မလေးကို သူ မမြင်ဖူးသေးတော့ အရုပ်ဆိုးဆိုး ကောင်မလေးဖြစ်မှာ စိုးတာနဲ့ သူ့ သူငယ်ချင်းတယောက်ကို ကောင်မလေးနဲ့ တွေ့ပြီး ၁၀ မိနစ် အကြာမှာ သူ့ဟမ်းဖုန်းကို ဆက်ဖို့ မှာခဲ့တယ်။ ဒါမှ သူလစ်ထွက်လို့ အဆင်ပြေမယ်လေ။
ဒီလိုနဲ့ ချိန်းထားတဲ့ နေရာရောက်တော့ ကောင်မလေး ချောချောဖြစ်နေတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ဖုန်းမမြည်ပါစေနဲ့လို့ သူကျိတ်ပြီး ဆုတောင်းလိုက်တယ်။
ဒါပေမယ့် အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ကောင်မလေးရဲ့ဖုန်းက မြည်လာတယ်။ ၂ မိနစ်လောက် စကားပြောပြီး ကောင်မလေးက သူ့ဖက်လှည့်ပြီး "ဆောရီးနော် အရေးကြီးတဲ့ ကိစ္စရှိလို့ ကျမကို သွားခွင့်ပြုပါဦး" တဲ့။
(၂) ဝိုင်အရမ်းကြိုက်တဲ့ သူဌေးတယောက်က ညအိပ်ယာဝင်တိုင်း ဝိုင်တခွက် သောက်လေ့ရှိတယ်။ အခုတလော သူသောက်နေကျဝိုင်က လျော့လျော့လာလို့ အိမ်က အစေခံ ခိုးသောက်တယ် အထင်နဲ့ ဝိုင်ထဲကို ကျင်ငယ်ရေ ရောလိုက်တယ်။ ကျင်ငယ်ရေ ရောထားလည်း ဝိုင်က လျော့နေတုန်းပဲမို့ သူဌေးက စိတ်ဆိုးပြီး အစေခံကို ခေါ်မေးပါတော့တယ်။
"ကျနော် မခိုးသောက်ရပါဘူး" လို့ အစေခံက ငြင်းပါတယ်။ အစေခံက ဆက်ပြီး "သူဌေးမင်းကို ဟင်းကောင်းတွေ ချက်ကျွေးချင်လို့ ဟင်းကြော်တဲ့အချိန် ဝိုင်နည်းနည်း ထည့်မိတာပါ" လို့ ဖြေပါတယ်။
(၃) လူတယောက်က ဘားတခုမှာ ဘီယာသောက်နေတုန်း အပေါ့သွားချင်လာတာနဲ့ အိမ်သာသွားမလို့ လုပ်ရင်း သူ့ဘီယာကို တခြားလူ ခိုးသောက်မှာ စိုးတာနဲ့ "ဘီယာထဲ တံထွေး ထွေးထည့်ထားတယ်" လို့ စာရေးကပ် ထားလိုက်တယ်။
အပေါ့သွားပြီး ပြန်လာတော့ သူ့စာဘေးမှာ "ငါလည်း ထွေးထည့်လိုက်ပြီ" လို့ ရေးထားတဲ့ စာကို တွေ့လိုက်တယ်။ သူတပါးကို ပေးတဲ့အရာက ကိုယ့်အတွက် ဖြစ်သွားတတ်တယ်။
မှန်ကြည့်နေတဲ့ လူတယောက်လိုပေါ့။ ကိုယ်ပြုံးရင် မှန်ထဲက လူလည်းလိုက်ပြုံးတယ်။ ကိုယ်မဲ့ရင် လိုက်မဲ့တယ်။ ဒါကြောင့် ကဗျာဆရာ Auden က "မကောင်းတာ လုပ်တဲ့လူဟာ မကောင်းတာကိုပဲ ပြန်ရမယ်" တဲ့။ သူတပါးကို ချောက်တွန်းရင် ကိုယ်လည်း တနေ့ ပြန်အတွန်းခံရမှာ မလွဲဘူး။
လူတွေကို ပျော်ရွှင်တာတွေ ပေးရင် ကိုယ်လည်း ပျော်ရွှင်တာ ပြန်ရမယ်။ လူတွေကို ချီးကျူးရင် ကိုယ်လည်း တနေ့ ပြန်အချီးကျူး ခံရမယ်။ သူ့ကို ပေးတာဟာ နောက်တော့ ကိုယ့်အတွက်ပဲ ဖြစ်သွားတတ်တယ်။
(၄) လယ်သမားတဦး စိုက်ထားတဲ့ ပြောင်းဖူးက အသီးနှံပြိုင်ပွဲမှာ နှစ်တိုင်း ဆုရတယ်။ ရတဲ့ဆုကို တခြားလယ်သမားတွေကို သူအမြဲ မျှဝေခဲ့တယ်။ ဘာကြောင့်လဲလို့ လူတွေက မေးတော့ "ဝတ်မှုန်တွေက လေကြောင့် အရပ်လေးမျက်နှာ ပြန့်နေတယ်။
တကယ်လို့ ကျနော့်ခြံဘေးက လယ်သမားတွေဟာ မျိုးမကောင်းတဲ့ ပြောင်းဖူးကို စိုက်ခဲ့ရင် ကျနော် စိုက်ထားတဲ့ ပြောင်းဖူးကိုလည်း ထိခိုက်နိုင်တယ်။
မျိုးကောင်းမျိုးသန့်တွေကို သူတို့စိုက်ခဲ့လို့ ကျနော်ဝမ်းသာပါတယ်။ ဆုတွေက ကျနော့်အတွက် ဖြစ်သလို သူတို့အတွက်လည်း ဖြစ်ပါတယ်" လို့ ပြန်ဖြေခဲ့တယ်။
လူတွေရဲ့ မေတ္တာကိုလိုချင်ရင် လူတွေကို မေတ္တာအရင် ထားတတ်ရမယ်။ ဂရုစိုက်တာ ခံချင်ရင် လူတွေကို အရင် ဂရုစိုက်တတ်ရမယ်။ အရာအားလုံးဟာ ရောင်ပြန်ဟပ်စမြဲပဲလေ။ 99snay
0 Comments