ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ သူကြီးကတော်တယောက် ရှိခဲ့တယ်။ သူက ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးလို ချောသူပါ။ တသားမွေး တသွေးလှ ဆိုသလို အပျိုရှုံးမဲ့သူ။
ရပ်ရွာအရေးကို ယောကျ်ားနဲ့အတူ ယှဉ်ဘောင်တန်း ဆောင်ရွက်လို့ လူကြည်ညို ခံရသူပါ။ ရပ်ရွာထဲက မိန်းမသား အရေးတွေကိုဦးဆောင် ဖြေရှင်းသူမို့ အမျိုးသမီးထုရဲ့ တခဲနက် အားပေးမှုကိုလည်း ခံရသူတဦး ဖြစ်ပါတယ်။
ကျား မ ခွဲခြားမှုကို သူ့ခေတ်အခါက သူ့ရွာမှာ ဦးဆောင် ဆန့်ကျင်ခဲ့သူလို့ ပြောလို့ ရပါတယ်။ မိန်းမတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ကြိုးစားသူ၊ အစဉ်အလာ ရိုးရာဓလေ့ကို ဖေါက်ထွက်ဖို့ ကြိုးစားသူပါ။
တရက်တော့ အိမ်ဦးခန်းမှာ သူကြီးမင်းရယ်၊ သူကြီးကတော်ရယ် ထိုင်စကားပြောနေတုန်း နတ်တပါးက ကိုယ်ထင် ပြလာပါတယ်။ "သူကြီးကတော် အလိုရှိရာ ဆုတောင်းပါ" လို့လည်း ပြောတယ်။
ထိုအခါ သူကြီးကတော်က "မိန်းမတွေ မီးဖွားရင် ခံစားရတဲ့ ဒုက္ခဝေဒနာတွေကို ယောကျ်ားတွေလည်း အတူတူ ခံစားပါစေ" လို့ဆုတောင်းလိုက်ပါတယ်။
သူကြီးမင်းက သူ့မိန်းမကို မဟုတ်တဲ့ဆု မတောင်းဖို့ ဟန့်သလို၊ နတ်မင်းကလည်း ဒီဆုမျိုး မတောင်းသင့်ကြောင်း တားမြစ်ပါတယ်။
ဒါပေမဲ့ မရပါဘူး။ သူကြီးကတော်က "နှစ်ယောက်သား ပြုတဲ့အမှုမှာ ကလေးမွေးတော့ မိန်းမကသာ ခံစားရတဲ့ ဝေဒနာဟာတရားမျှတမှု မရှိ၊ ကျားမ ခွဲခြားမှုလို ဖြစ်နေတယ်။
ဒါကြောင့် မိန်းမ ကလေးမွေးချိန် ယောကျ်ားလည်း လိုက်ပြီး နာပါစေ။ ကလေးမွေးပြီးချိန် မိန်းမဝေဒနာ သက်သာမှ ယောကျ်ားလည်း သက်သာပါစေ" လို့ပဲ ဆုတောင်းတော့ နတ်မင်းကြီးက စိတ်ပျက်လက်ပျက်နဲ့ "လိုရာဆု ပြည့်စေ" ဆိုပြီး ပျောက်ကွယ်သွားသတဲ့။
ကျားမ ခွဲခြားမှုကို သူတတ်နိုင်တဲ့ ဘက်ကနေ ဆန့်ကျင်ခဲ့တဲ့ သူကြီးကတော်ဟာ နောက်များ မကြာမီမှာ ဒုတိယကလေး ဖွားမြင်ပါတယ်။ ရွာထဲက မိန်းမတွေ အကုန်နီးပါး သူကြီးကတော်အိမ်မှာ စုရုံးကြ တာပေါ့။
သူကြီးကတော်က ဗိုက်နာလို့ အော်ဟစ်ချိန်မှာ ဘာဖြစ်တယ် မသိပါဘူး သူတို့အိမ်နောက်ဖေး တင်းကုပ်မှာနေတဲ့ သူရင်းငှားဖြစ်သူ ကိုတုတ်ကြီးဟာ ဗိုက်နာလို့ လူးလိမ့်နေရသတဲ့။
သူကြီးကတော်က နာလို့အော် လေလေ၊ ဖိုးတုတ်ကလည်း နာလို့ အော်လေလေ။ ကလေး အမိဝမ်းက ထွက်သွားချိန်ကျမှ ဖိုးတုတ်လည်း ဗိုက်နာ သက်သာသွားသတဲ့။
သူကြီးမင်းကတော့ ဗိုက်နာတာ မဖြစ်ခဲ့ဖူးတဲ့။ ဆုတောင်းတာလည်း တောင်းတာပေါ့။ ကိုယ့်တုတ်နဲ့ ကိုယ့်ကိုလည်း ပြန်မရိုက်မိစေဖို့ သတိပြုရပါမယ်။ Crd
0 Comments