ဘဝရဲ့လက်တွဲဖော် ဆိုတာ အကောင်းဆုံးကို ရလိုက်တာ မဟုတ်ဘူး။ အသင့်တော်ဆုံးကိုသာ ရလိုက်တာပါ။ သင်ကိုင်ထားတဲ့ ဖုန်းတလုံးလိုပေါ့။
အကောင်းဆုံး ဖြစ်ချင်မှ ဖြစ်မယ်။ ဈေးအကြီးဆုံး ဖြစ်ချင်မှ ဖြစ်မယ်။ သင့်ဘတ်ဂျက်နဲ့ အကိုက်ဆုံး၊ သင့်အလုပ်အတွက် အသင့်တော်ဆုံး ဖုန်းကို သင်ကိုင်ထားသလိုပါပဲ။
အကောင်းဆုံး ဟင်းလျာတွေ ဈေးအကြီးဆုံး ဟင်းပွဲတွေကို သင်စားချင်မှ စားရမယ်၊ စားနိုင်ရင်လည်း စားနိုင်လိမ့်မယ်။ ဒါပေမယ့် သင့်လက်ရှိ ဆာလောင်မှုကို ပျောက်စေမယ့်၊ သင့်ရောဂါနဲ့ တည့်မယ့်၊ သင့်ဝင်ငွေနဲ့ ကိုက်ညီမယ့် ဟင်းတခွက်လိုပါပဲ။
သင်စီးနေတဲ့ ဖိနပ်ဟာ (၅) သိန်းတန် (slipper) ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် (၅) ထောင်တန် ဖိနပ်နဲ့လည်း သင် လိုရာခရီး ရောက်နိုင်သလိုပါပဲ။
သင့်ရဲ့ လက်တွဲဖော်ဟာ မင်းသားတွေလို ချောချင်မှ ချောလိမ့်မယ်၊ မင်းသမီးတွေလို လှချင်မှ လှလိမ့်မယ်၊ အများက အကောင်းပြောချင်မှ ပြောလိမ့်မယ်၊
ဗိုက်ပူချင်လည်း ပူနေမယ်၊ ပိန်ချင်လည်း ပိန်နေမယ်၊ စတိုင်လ် ကျချင်မှလည်း ကျမယ်၊ သင့်မိတ်ဆွေတွေက ကြိုက်ချင်မှလည်း ကြိုက်လိမ့်မယ်။
သင့်လက်တွဲဖော်ဟာ စင်းလုံးချော ဖြစ်ချင်မှဖြစ်မယ်၊ အတ္တတွေ ရှိနိုင်တယ်၊ မာနတွေ ရှိနိုင်တယ်၊ မပြည့်ဝမှုတွေလည်း ရှိနိုင်တယ်။ ဒါပေမယ့် သင့်အတ္တတွေ သင့်မာနတွေ သင့်ရဲ့ မပြည့်ဝမှုတွေ မရင့်ကျက်မှုတွေ ကိုတော့ အားလုံးထက် ပိုနားလည်ပေးမယ့်သူမျိုးပါ။
(လူတော်တော်များများဟာ ပြောပဲ ပြောတတ်ကြတာပါ။ ဝေဖန်ပဲ ဝေဖန်တတ်ကြတာပါ။ သင့်ဒုက္ခတွေ ကိုတော့မျှဝေယူဖို့ စိတ်မကူးကြပါဘူး) ဒါ့ကြောင့် သင့်ဒုက္ခကို မသိချင်ဟန် ဆောင်နေကြမယ့်လူတွေနဲ့ သင့်ဒုက္ခတွေကို မျှဝေယူမယ့်သူ နှစ်မျိုးသာ သင့်ဘဝမှာ သင်တွေ့ရမှာပါ။
မနက်အိပ်ယာထ သင့်ဘေးမှာ ဘယ်သူ့ကို ရှိစေချင်တာလဲ၊ ညအိပ်ယာဝင်ခါနီး သင့်စိတ်ဝိညာဉ်ကို လုံခြုံမှုပေးနိုင်တာ ဘယ်သူပါလဲ၊ သင်ငိုနေရင် ဘေးနားမှာ ရှိနေပေးနိုင်တာ ဘယ်သူပါလဲ၊ သင်ဆာလောင်ချိန်မှာ သင့်အတွက် စားစရာတခုခု ဖန်တီးပေးနိုင်တာ ဘယ်သူပါလဲ။
သင်နာမကျန်း ဖြစ်နေရင် သင့်ကိုပြုစုမယ့်သူ၊ သင်ပျော်ရွှင်ချိန်မှာ သင့်အတွက် ကျေနပ်ပေးမယ့်သူ၊ သင်အောင်မြင်ချိန်မှာ သင့်အတွက် သင့်ထက်ပိုပြီး ဂုဏ်ယူနေမယ့်သူ၊ သင့်အိမ်ပြန်ချိန်တွေကို (အခမဲ့) စိတ်ပူပေးမယ့်သူ၊ သင့်ရဲ့ ဒေါသ သင့်ရဲ့မာန သင့်ရဲ့သောကတွေကို (မေတ္တာဖြင့်) အရင်းနှီးဆုံး နားလည်ပေးမယ့်သူ။ ဘယ်သူပါလဲ။
အဲဒီသူမျိုးကိုခေါ်တာ ဖြစ်ပါတယ်။ သေချာတာကတော့ သင့်အတွက် ခက်ခဲနေချိန်တွေ ကျရှုံးနေချိန်တွေ နာမကျန်း ဖြစ်နေချိန်မှာ သင့်စိတ်ကူးတွေထဲက သင့် (idol) တွေ သင့် (celebrities) တွေ သင့် (crush) တွေက သင့်ဘေးမှာ ရှိနေနိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ။
ဒါ့ကြောင့် သင့်မှာ မောပန်းလာရင် မှီဖို့ နံရံလိုလူ ရှိသလား၊ အားနာစရာ မလိုလောက်အောင် မြေကြီးလို ထမ်းပိုးထားတဲ့သူ ရှိသလား၊ ဟာသဇာတ်ကားတွေ မလိုအောင် သင့်ကို ရယ်မောစေတဲ့သူ ရှိသလား၊
ကမ္ဘာ့အတော်ဆုံး စားဖိုမှူးတွေထက် သင့်အကြိုက်ကို ပိုသိတဲ့သူ ရှိသလား၊ ဘဝရဲ့ နေပူပူကို ကာကွယ်ပေးမယ့် ထီးလိုလူ ရှိသလား၊ သူရှိရင် ငါလုံခြုံပြီ ဆိုတဲ့စိတ်နဲ့ နေ့တွေ ညတွေကို အတူ ဖြတ်ကျော်ပေးတဲ့သူ ရှိသလား။
မိတ်ဆွေ သင့်လက်တွဲဖော်ရဲ့ တန်ဖိုးအမှန်ကို ပကတိအမြင်နဲ့ မြင်ကြည့်လိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ သင့်အတွက် အမြဲရှိနေမှာပါ။ ဘုရားပေးတဲ့ တချို့လက်ဆောင်တွေက သင့်တယောက်တည်း အတွက်သာ ဖြစ်ပါတယ်။
တခြားလူတွေကို ပေးတာမဟုတ်တဲ့ အတွက် တခြားလူတွေက လက်ဆောင်ရဲ့ တန်ဖိုးကို သိမှာမြင်မှာ နားလည်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင်တန်ဖိုးထားပါ။ Crd
0 Comments