ရှေးအခါတုန်းက လှေသူကြီးနဲ့ ကုန်သည်တို့ဟာ ခင်ခင်မင်မင်နဲ့ အဆွေခင်ပွန်းများဖွဲ့ပြီး နေထိုင်ကြသတဲ့။ တနေ့တော့ လှေသူကြီးဟာ သူ့မိတ်ဆွေ ကုန်သည်ရဲ့ သားကို သူ့လှေများမှာ အလုပ်သင်အဖြစ် လက်ခံထားတယ်။
အဲဒီလို လက်ခံပြီး ပညာသင်ပေးနေရင်းမှာပဲ တနေ့တော့ သံဈေးတွေ ကျလာတာကြောင့် စီးပွားသမားသူကြီးဟာ နောင်များမှာ သူ့လှေများတွင် အသုံးပြုရန် အတွက် သံအမြောက်အမြားဝယ်ပြီး သူ့မိတ်ဆွေ ကုန်သည်ကြီးရဲ့ ကုန်သိုလှောင်ရုံမှာ သိမ်းထားခဲ့တယ်။ အဲဒီနောက် လှေသူကြီးဟာ မြစ်ညာကို ဆန်ပြီး တက်သွားရသတဲ့။
ကံဆိုးချင်တော့ သံဈေးနှုန်းတွေဟာ လှေသူကြီး မရှိတော့တဲ့အချိန်မှာ အဆမတန် ဈေးတက်လာတယ်။ ဒါကြောင့် လောဘကြီးတဲ့ မိတ်ဆွေကုန်သည်ကြီးဟာ သူကြီးရဲ့ သံများကို သူ့သဘောနဲ့ သူရောင်းပစ်လိုက်သတဲ့။
ဒီလိုနဲ့ လှေသူကြီး ပြန်ရောက်လာတဲ့အခါမှာတော့ မိတ်ဆွေကုန်သည်ကြီးက "သူငယ်ချင်းရေ၊ မင်းမရှိတုန်းမှာ သိုလှောင်ထားတဲ့သံတွေကို ကြွက်တွေ ကိုက်စားတာ ကုန်ပါရောကွာ" လို့ ပြောလိုက်တာကြောင့် လှေသူကြီးလည်း တအံ့တဩ ဖြစ်ကာအလိမ်ခံရပြီဆိုတာ သိရှိလိုက်တယ်။
ဒါပေမယ့် ပညာရှိတဲ့ လှေသူကြီးဟာ သူ့ရဲ့ အတွင်းစိတ်ကို ဖုံးကွယ်ရင်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ "အေးပေါ့ကွာ၊ ငါကလည်း မင်းကုန်လှောင်ရုံမှာ ကြွက်တွေ သောင်းကျန်းနေတာ သိဖို့ ကောင်းပါတယ်" လို့ ကိုယ့်ကိုယ်ကိုပင် အပြစ်တင်တဲ့ပုံစံနဲ့ ပြောပြီး ပြန်လာခဲ့တယ်။
အဲဒီနောက် လှေသူကြီးဟာ လိမ်ညာလှည့်ဖျားတတ်တဲ့ သူ့ရဲ့မိတ်ဆွေ ကုန်သည်ကြီးကို ပြန်လည် ဒဏ်ခတ်ဖို့အတွက် အချိန်ရတိုင်း ကြံစည်တွေးတောနေတဲ့။ ဒီလိုနဲ့ ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ လှေသူကြီးဟာ မြစ်ညာကိုဆန်ပြီး တက်သွားပြန်တယ်။
ဒီနောက် လှေပေါ်မှာ ပညာသင် လိုက်လာတဲ့ သူ့မိတ်ဆွေ ကုန်သည်ကြီးရဲ့ သားကို ဝေးလံတဲ့ ရွာတရွာမှာ ဝှက်ထားပစ်ခဲ့ပြီးပြန်လာခဲ့တယ်။
ပြီးတော့ မိတ်ဆွေကုန်သည်ကြီးဆီ သွားပြီး သူတို့ မြစ်ဖျားဒေသကို ရောက်စဉ်မှာ မိတ်ဆွေကြီးရဲ့ သားကို စွန်ငှက်ကြီး တကောင်က ချီယူသွားကြောင်း ပြောကြားလိုက်သတဲ့။
ကုန်သည်ကြီးလည်း လှေသူကြီးစကားကို ကြားတော့ အလွန်ဒေါသ ထွက်သွားတာပေါ့။ ဒါကြောင့် ရွာသူကြီးထံကို တိုင်ကြားလိုက်ပါရဲ့။
အဲဒီအခါ ရွာသူကြီးလည်း အမှုမှန်ကို မဆုံးဖြတ်နိုင်တာကြောင့် ခုံတော်တရားသူကြီး မင်းသမီးသုဓမ္မစာရီထံကို တင်ပြပြီး လှေသူကြီးနဲ့ ကုန်သည်ကြီးတို့ကို အဆုံးအဖြတ် ခံယူစေလိုက်ပါတယ်။
ခုံတော်သုဓမ္မစာရီ မင်းသမီးက အမှုအကြောင်းကို သေချာစုံစမ်း စစ်ဆေးပြီးတဲ့ အခါမှာတော့ "ကုန်သည်ကြီးဟာ ပစ္စည်းထိန်းဖြစ်တဲ့အတွက် ပျောက်ဆုံးသွားတဲ့ လှေသူကြီးရဲ့ သံတွေအတွက် တာဝန်ရှိပါတယ်။ လှေသူကြီးလည်း ပျောက်ဆုံးသွားတဲ့ ကုန်သည်ကြီးရဲ့ သားအတွက် တာဝန်ရှိပါတယ်။
သံကို ကြွက် မစားနိုင်သလို သားကိုလည်း စွန်မချီနိုင်ပါ။ ဒီအဖြစ်အပျက်တွေ အားလုံးအတွက် ကုန်သည်ကြီးမှာ တာဝန်ရှိပါတယ်။
ဘာကြောင့်လည်းဆိုတော့ ကုန်သည်ကြီးဟာ သူတပါးက ယုံကြည်စွာ အပ်နှံမှုကို ရှေးဦးစွာ ချိုးဖောက်သောကြောင့် ဖြစ်တယ်။
ဒါကြောင့် ကုန်သည်ကြီးဟာ လှေသူကြီးကို သံများ အစားပြန်ပေးစေ။ လှေသူကြီးကလည်း ကုန်သည်ကြီးရဲ့ သားကို ပြန်ပေးစေ။ သင်တို့နှစ်ဦး အဆွေခင်ပွန်းများအဖြစ် ပြန်လည်ဆက်ဆံပြီး သင့်မြတ်ပျော်ရွှင်စွာ နေထိုင်ကြစေ" လို့ ဆုံးဖြတ်ချက်ချလိုက်သတဲ့။ phoo myat chal
0 Comments