ခွန်ဆန်လောနှင့် နန်းဦးပြင် အချစ်ဇာတ်လမ်း

တခါတုန်းက ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့ နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့ အသက်မွေးသတဲ့။

တနေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတရွာ အရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။

အသံလေးက တအားနားထောင်လို့ ကောင်းတော့ အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။

အဲဒီ ရှမ်းမလေးရဲ့ နာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တယောက်ကိုတယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလည်း တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။

သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လောက လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။

ဒါ့အပြင် လပေါင်းများစွာ ကြာတော့ နန်းဦးပြင်ကိုလည်း လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေးဆီပြန်လာပြီး အပြန်မှာတော့ တခါတည်း လက်ထပ်ခေါ်ဆောင် လာပါတော့တယ်။

အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူက လုံးဝ သဘောမတူပေမဲ့ ခွန်ဆန်လော ရှေ့မှာတော့ သမီးရင်းပမာ ချစ်ပြပြီး နောက်ကွယ်မှာ နှိပ်စက်ပါတော့တယ်။ တနေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလည်း မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။

စားမယ့် ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှုပ်ပြီး ကျွေးတာတို့၊ လှေကားတွေမှာ နန်းဦးပြင် ခြေရှအောင် ဝါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။

နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလည်း သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ် ထင်ပြီး ဒီတခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။

နောက်ဆုံး နှိပ်စက်မှုဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ်ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။ လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရ ပြန်တယ်။

အဲဒီကလေးလေးဟာ ဥသြငှက်လေး ဖြစ်သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ "ဥသြ" လို့ အသံထွက်ကြားပေမဲ့ ကျမတို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ "ပေါ့ဝေ့" (အဖေရေ) လို့ ခေါ်သံကြားရပါတယ်။ တကယ်လည်း ကျမ သေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။

နန်းဦးပြင်တယောက် မိဘအိမ် အရောက်မှာတော့ နှိပ်စက်မှုဒဏ်၊ ခရီးပင်ပန်းဒဏ်၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ် စတဲ့ ဒဏ်ချက်ပေါင်းများစွာကြောင့် အိပ်ရာထဲ လဲသွားပါတော့တယ်။

အဲဒီချိန်မှာ ခွန်ဆန်လောတယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ ပြောပြမှုတွေကြောင့် အကြောင်းစုံ သိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို့ သေဆုံးသွား ပါတော့တယ်။

သူတို့နှစ်ယောက်ရဲ့ မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအဆိုအရ စုန်းကဝေ အတတ်ကိုလည်း တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ဝါးလုံးတချောင်း ခြားလိုက်တယ်တဲ့။

သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့ တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ့ ပေါင်းဆုံခွင့် မရရှာပါဘူး။

သူတို့နှစ်ဦးကြား (ကြယ်နှစ်လုံးကြားထဲ) ကြယ်တလုံး ဝင်ရောက် တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တဘက်တချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့ တားဆီးလိုက်တဲ့ ကြယ်ပေါ့။

ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။ ကန္တာရမိုးစက်များ

Post a Comment

0 Comments