တခါတုန်းက ကျောက်တူးသမားလေးတယောက် ရှိသတဲ့။ သူ ကျောက်သွားတူးတဲ့လမ်းမှာ အမတ်မင်းအိမ်ရှေ့က ဖြတ်သွားရတာပေါ့။ မနက်တိုင်း အမတ်မင်းအိမ်ရှေ့ ဖြတ်သွားတိုင်း အိမ်ထဲမှာ အခြွေရံတွေ ခစားနေတဲ့ အမတ်ကို မြင်တော့ သူက စဉ်းစားတယ်။
"ငါသာ အမတ်ဆိုရင် အရမ်းကောင်းမှာပဲ" ဆိုပြီး စိတ်ကူးယဉ်လိုက်တာ သူ့စိတ်ကူးထဲမှာ သူဟာ အမတ် ဖြစ်သွားပါတယ်။
စိတ်ကူးထဲက အတိုင်း အခြွေရံတွေ ခစားရင်း ပျော်ပါးနေလိုက်တာ မကြာပါဘူး ဘုရင် ကြွလာပါရော။ အဲဒီအချိန် သူစံစားနေတဲ့ အမတ်စည်းစိမ်တွေ အသာထားပြီး ဘုရင့်ကို ဒူးတုပ် ခစားရတာပေါ့။
သူက စဉ်းစားတယ်။ "အမတ်ဖြစ်တာလည်း မကောင်းဘူး ဘုရင်က ပိုကောင်းတယ်" ဆိုပြီး တော်ပြီ အမတ်မလုပ်တော့ဘူး။ဘုရင်ပဲ လုပ်တော့မယ် ဆိုပြီး စိတ်ကူးထဲမှာ သူဟာ ဘုရင်ဖြစ်သွားတာပေါ့။ စိတ်ကူးထဲကအတိုင်း သူဖြစ်ချင်တဲ့ ဘုရင်ဖြစ်သွားတော့ အပျော်ကြီးပျော်ရင်း တိုင်းခန်းလှည့်လည်တာပေါ့။
အဲချိန်မှာ နေကအရမ်းပူ ဘုရင်လည်း နေပူတဲ့ဒါဏ်ကို မခံစားနိုင်ပြန်ဘူး။ သူက စဉ်းစားတယ်။ ဘုရင်ဖြစ်တာတောင် ငါ့ကိုနိုင်တဲ့ နေမင်းကြီးက ရှိသေးတယ်။
"တော်ပြီ ဘုရင် မလုပ်တော့ဘူး။ နေမင်းကြီးပဲ ငါလုပ်တော့မယ်" ဆိုပြီး သူ့စိတ်ကူးထဲမှာ သူဟာ နေမင်းကြီး ဖြစ်သွားတာပေါ့။
သူဖြစ်ချင်တဲ့ နေမင်းကြီးလည်း ဖြစ်ရော တလောကလုံး ကျစ်ကျစ်တောက်အောင်ပူစမ်း ဆိုပြီး နေတွေ အရမ်းပူပစ်လိုက်တယ်။အဲဒီအချိန်မှာ တိမ်တိုက်တွေက ပေါ်လာပြီး အပူရှိန်တွေကို ကာပေးလိုက်တယ်။ တိမ်တွေက အောက်မှာ ဖုံးထားတော့ သူပူချင်တိုင်းလည်း ပူလို့ မရတော့ဘူးပေါ့။
အဲဒါနဲ့ သူက စဉ်းစားတယ်။ "နေဖြစ်ရတာလည်း မကောင်းဘူး။ တိမ်တိုက်ကို မနိုင်ဘူး။ တော်ပြီ ငါ နေမင်းကြီး မလုပ်တော့ဘူး။ တိမ်တိုက်ပဲ လုပ်တော့မယ်" ဆိုပြီး စိတ်ကူးထဲမှာ သူဟာ တိမ်တိုက်ကြီး ဖြစ်သွားတာပေါ့။ တိမ်တိုက်ကြီးလည်း ဖြစ်ရော နေမင်းကြီး မပူနိုင်အောင် သူက ကာပေးထားတယ်ပေါ့။
မကြာပါဘူး လေတွေ တိုက်လိုက်တာ တိမ်တိုက်ကြီးလည်း လေထဲ ပါသွားပါရော။ အဲဒါနဲ့ သူက ပြန်စဉ်းစားတယ်။
"တိမ်တိုက်ဖြစ်ရတာလည် မကောင်းဘူး။ တော်ပြီ လေနတ်သားပဲ ငါလုပ်တော့မယ်" ဆိုပြီး စိတ်ကူးထဲမှာ သူဟာ လေနတ်သား ဖြစ်သွားပြန်ပါရော။ လေနတ်သားလည်း ဖြစ်ရော လေတွေ အသကုန် တိုက်ပြစ်လိုက်တယ်။ အိမ်တွေပြို သစ်ပင်တွေလဲ လို့ပေါ့။
အဲဒါနဲ့ လေနတ်သားဖြစ်တဲ့သူဟာ ကျောက်တောင်ကြီးကို မြင်ပြီး ကျောက်တောင်ကြီး ပြိုအောင် တိုက်တာပေါ့။ သူဘယ်လောက် တိုက်တိုက် ကျောက်တောင်ကြီးက မပြိုဘူး။ အဲဒါနဲ့ သူကစဉ်း စားပြန်ရော။
"လေနတ်သား ဖြစ်တာလည်း မကောင်းဘူး။ ကျောက်တောင်ကြီးပဲ ဖြစ်တော့မယ်" ဆိုပြီး စိတ်ကူးထဲကအတိုင်း ကျောက်တောင်ကြီး ဖြစ်သွားပြန်ရော။
ကျောက်တောင်ကြီး ဖြစ်သွားတော့ လေတိုက်တဲ့ ဒါဏ်ကို ပြုံးပြုံးကြီး ခံစားရင်း ပျက်ရယ်ပြုတာပေါ့။ ကဲ ဘာတက်နိုင်သေးလဲ ငါ့ကို ဘယ်သူမှ ပြိုအောင် မလုပ်နိုင်တော့ဘူးဆိုပြီး ပျော်နေလိုက်တာ တောင်အောက်မှာ တောက်တောက်နဲ့ အသံကြားပါရော။အသံကြားလို့ ငုံ့ကြည့်မှ
"အမလေးဗျာ ငါ့ကျောက်တောင်ကြီး တဖြေးဖြေးနဲ့ ကုန်ပါရောလား။ ဘယ်သူက ငါ့ကို ဖြိုနိုင်တာလဲ" လို့ ကြည့်လိုက်မှ ကျောက်တူးသမားလေး ဖြစ်နေပါရော။
အဲဒါနဲ့ စဉ်းစားတယ်။ "တော်ပြီ ငါ ကျောက်တောင်ကြီးလည်း မဖြစ်ချင်တော့ဘူး ကျောက်တူးသမားပဲ ဖြစ်ချင်တော့တယ်" ဆိုပြီး စိတ်ကူးယဉ်လာလိုက်တာ။ သူအလုပ်လုပ်ရမဲ့ ကျောက်တောင်လည်း ရောက်ရော သူလည်း ကျောက်တူးသမားလေး ပြန်ဖြစ်သွားပါလေရောတဲ့။
ပြောချင်တာကတော့ သူများတွေကို အားမကျပါနဲ့။ လူတိုင်းမှာ အပူအပင်တွေ ကိုယ်စီနဲ့ပါ။ သူ့ကိုငါ အားကျလိုက်တာလို့ မတွေးပါနဲ့။ သူ့အပူနဲ့သူ ရှိတယ်။ လက်ရှိဘဝကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားရင် တနေ့နေ့တော့ မုချ အောင်မြင်မှာပါ။ Crd
0 Comments