တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက "ကစားနည်းတခု ကစားရအောင်။ ဆရာနဲ့ အတူ ဘယ်သူပါဦးမလဲ"
ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်၏အပေါ် တက်လိုက်သည်။ ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့ အရင်းနှီးဆုံး လူ (၂၀) ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"
သူမက ဆရာပြောသည့် အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည်များကို ရေးချလိုက်သည်။ ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလည်း ဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ"
အိမ်နီးချင်း တယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။ "နောက် တယောက် ထပ်ဖျက် လိုက်ပါဦး"
သူငယ်ချင်းတယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။ ဆရာပြောတိုင်း သူမက တယောက်ပြီးတယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်း ပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။
ထိုသူများမှာ မိဘ လင်ယောက်ျားနှင့် သားသမီး ဖြစ်သည်။ ကျောင်းသားကျောင်းသူများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက် ကြည့်နေကြသည်။ စာသင်ခန်း တခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်းတခု ကစားနေတာနှင့်ပင် မတူတော့ပေ။
ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တခု ထပ်ဖျက်ခိုင်း ပြန်သည်။ သူမမှာ အရွေးရခက်သော ဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။
"နောက်တယောက် ထပ်ဖျက်လိုက်"
ဘေးမှ ဆရာ၏အသံက ထပ်မံ ထွက်လာ ပြန်သည်။ ဒီတခေါက် သူမ ဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အား ကုန်ခမ်းနေဟန် တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တပြိုက်နက် စိတ်ထိခိုက် သော အသံဖြင့် ချုံးပွဲချ ငိုကြွေး လေတော့သည်။
ဆရာက သူမအား နှစ်သိမ့်ပြီး "ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့ အထိ ကျွေးမွေး စောင့်ရှောက်ခဲ့တယ်။
သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေ ဖြစ်တယ်။ သူတို့က အစား ပြန်မရ နိုင်တဲ့ လူတွေ ဖြစ်တယ်။ လင်ယောက်ျားက နောက်တယောက် ထပ်ယူလို့ ရပါလျက်နဲ့ ဘာဖြစ်လို့ မဖျက်ဘဲ ချန်ထားခဲ့ရသလဲ" ဟု မေးလေသည်။
ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။ သူမက ထ၍ ဖြေပုံမှာ
"အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတာနဲ့ အမျှ မိဘတွေက ကျမကို ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သားသမီးတွေ ကလည်း ကြီးပြင်းလာရင် ကျမကို ခွဲပြီး သွားကြလိမ့်မယ်။
အဲဒီ အချိန်မှာ ကျမ ဘေးမှာ တသက်လုံး ကူညီဖေးမမဲ့ သူဟာ ကျမခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့် သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။
ဘဝမှာ အလိုအပ်ဆုံးလူဟာ ဘယ်သူ ဖြစ်နိုင်မလဲ။ "အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်" လို့ရော ပြောလို့ ရနိုင် မလား။
ဒါမှမဟုတ် "အိမ်ထောင်မှု၊ ဘုရားတည် ဆေးမှင်ရည် စုတ်ထိုး ဤသုံးမျိုး ချက် မပိုင်လျှင် နောင်ပြင်ရန် ခက်လိမ့်မည်" ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့ ဆရာပြောသလို မကောင်းရင် နောက်တယောက် ပြောင်းလို့ ဖြစ်ပါ့ မလား။ ကျမကို မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော် ခက်ပါလိမ့်မယ်။
နောက်ဆုံး အဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူ ကတောင် မိဘနဲ့သားသမီးကို ဖျက်တဲ့ အချိန်မှာ တုံ့ဆိုင်း နေခဲ့သေးတယ်။ ကျမလို ဖြေဖို့ အဖြေတောင်မရှိတဲ့ လူကတော့ အဲ နေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။
အခုတော့ အဖေ့ဘေးမှာ အမေပဲ ကျန်ပြီး အမေ့ဘေးမှာ အဖေပဲ ကျန်နေခဲ့တဲ့ လူတွေကို မေးရင် ဘာများ ပြန်ဖြေလိမ့်မလဲ။ crd
0 Comments