တခါတုန်းက လေမင်းနဲ့ နေမင်းတို့ဟာ ဘယ်သူက ပိုပြီးအားကြီးတယ် ဆိုတာကို အငြင်းအခုံ ဖြစ်ကြသတဲ့။ လေမင်းက သူ့ရဲ့ စွမ်းအားနဲ့ မုန်တိုင်းကြီး တိုက်ခတ်အောင် လုပ်ပြလိုက်တယ်။
လေပြင်းဒဏ်ကြောင့် မြေပြင်က အိမ်တွေ လဲပြိုကုန်ကြတယ်။ ကားတွေ ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားကြတယ်။ ပင်လယ်က သင်္ဘောတွေ လှေတွေ ရေထဲမှာ နစ်မြုပ်ကုန် ကြတယ်။
ဒါကို မြင်တဲ့ နေမင်းက လေမင်းကို အားကြီးပါပေတယ် လို့ ချီးကျူးပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ နိုင်မှာ မဟုတ်ပါဘူး လို့လည်း ပြောလိုက်တယ်။ လေမင်းက မခံချင်စိတ် ဖြစ်လာလို့ သူတို့ ပြိုင်ကြမယ်လို့ နေမင်းကို စိန်ခေါ်လိုက်တယ်။
နေမင်းက သဘောတူပြီး အခုလို ပြောလိုက်တယ်။ "အောက်က ကွင်းပြင်ကြီးထဲမှာ လူတယောက် လမ်းလျှောက်နေတယ်။ သူ ဝတ်ထားတဲ့ ကုတ်အင်္ကျီကို ကျွတ်ထွက်သွားအောင် အားပြိုင်ကြမယ်"
လေမင်းက လေပြင်း တိုက်ခတ်လိုက်တယ်။ အဲဒီလူဟာ သူ့ကုတ်င်္ကျီကို ကျွတ်သွားမှာစိုးလို့ လက်နှစ်ဖက်နဲ့ တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။
လေမင်းက လေကို အပြင်းဆုံး တိုက်ခတ်လိုက်တယ်။ ဒီလူက ကုတ်အင်္ကျီကို ပိုပြီး တင်းတင်း ဆုပ်ကိုင်ထားလိုက်တယ်။ လေကို အပြင်းဆုံး တိုက်ခတ်ပေမယ့်လည်း လူက ကုတ်အင်္ကျီကို မလွတ်ရအောင် ဆုပ်ကိုင်ထားလို့ အင်္ကျီမကျွတ်ပါဘူး။ နောက်ဆုံးမှာ လေမင်းက လက်လျှော့လိုက်ပါတယ်။
နေမင်းက နေပူရှိန်ကို တဖြည်းဖြည်း မြင့်လိုက်တယ်။ အဲဒီလူဟာ ပူအိုက်လာလို့ ကုတ်အင်္ကျီကို လေရအောင် လှစ်ဟလိုက်တယ်။ တဖြည်းဖြည်း ပူလာလို့ အဲဒီလူဟာ အပူဒဏ်ကို မခံနိုင်တော့တာကြောင့် သူ့ကုတ်အင်္ကျီကို ချွတ်ပစ်လိုက်တယ်။ နေမင်းဟာ ပြိုင်ပွဲ အနှိုင်ရသွားတယ်။
အဖေက ပုံပြင်ပြောပြလို့ ပြီးသွားတော့ အခုလို ထပ်ပြောလိုက်တယ်။ ဒီစကားကို ကျနော် တသက် မမေ့ပါဘူး။
"ငါ့သား လောကမှာ ခွန်အားကြီးလို့၊ ငွေကြေးချမ်းသာလို့ ဆိုပြီး ကိုယ်လိုချင်တာ လုပ်လို့ မရတာတွေ ရှိတယ်။ အဲဒါတွေကို လုပ်နိုင်ဖို့ ဦးနှောက်ဉာဏ် သုံးတတ်ရတယ်။ အဲဒီလို ဦးနှောက်ဉာဏ် သုံးတတ်ဖို့ မင်း ပညာတတ်အောင် လုပ်ပါ" တဲ့။
အဖေ့စကားအတိုင်း ကျနော့်ဘဝ တသက်တာမှာ အလုပ်လုပ်ရင် ခွန်အားသုံးတာ အာဏာပါဝါ ပြတာထက် ဉာဏ်သုံးပြီး လုပ်ခဲ့ပါတယ်။ ဥပမာ လုပ်ငန်းခွင်ထဲမှာ ကျနော် ဖြစ်စေချင်တာကို ဝန်ထမ်းတွေကို အော်ဟစ်ကြိမ်းမောင်း လုပ်ခိုင်းပါတယ်။
သူတို့ဟာ ကျနော့်ကို ကြောက်လို့သာ ခိုင်းတဲ့အလုပ်ကို လုပ်ကြတယ်။ သူတို့စိတ်ထဲမှာ မကျေနပ်ကြဘူး။ အလုပ်ပြီးသွားတယ်။ ဒါပေမဲ့ ကျေနပ်ဖွယ်ရာ အလုပ် ဖြစ်မလာပါဘူး။
နောက်တနေ့မှာ ကျနော်က သူတို့ကို ချိုချိုသာသာ ပြေပြေပြစ်ပြစ် ပြောပြပြီး အဲဒီအလုပ်ကိုပဲ ပြန်လုပ်ခိုင်းပါတယ်။ အံ့သြဖွယ်ရာပါပဲ။ သူတို့ဟာ အလုပ်ကို အကောင်းဆုံး လုပ်ပြလိုက်ကြတယ်။ ဗန်းမော်သိန်းဖေ
0 Comments