တခါတုန်းက လူတယောက်ဟာ မျက်မမြင် သူငယ်ချင်းတယောက်ကို ထမင်းဖိတ်ကျွေးတယ်။ ထမင်းစားရင်း အချိန်က တော်တော်လေး နောက်ကျသွားပြီး မိုးချုပ်သွားတယ်။ မျက်မမြင် သူငယ်ချင်းက မိုးအရမ်းချုပ်နေပြီ ပြန်တော့မယ် လို့ ပြောတယ်။
အဲဒါနဲ့ အိမ်ရှင်က သူ့ကို မီးအိမ်တခု ပေးလိုက်တယ်။ ထိုအခါ မျက်မမြင် သူငယ်ချင်းက ဒေါသ အရမ်းထွက်သွားပြီး ပြောတယ်။
"ကျနော်ဟာ မျက်မမြင်တယောက်လို့ သိနေပါလျက် ကျနော့ကို မီးအိမ်တခုပေးတာ ကျနော့ကို လှောင်နေတာလား"
အိမ်ရှင်က ပြန်ပြောတယ်။ "ကျနော် သင့်ကို အလေးထားလို့ မီးအိမ်ပေးတာပါ။ သင်က မမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ။ ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင်တော့ဘူးပေါ့"
ထိုအခါမှ မျက်မမြင် သူငယ်ချင်းက သဘောပေါက် နားလည်သွားပါတယ်။
နားလည် သဘောပေါက်တာချင်း မတူရင် နောက်ဆုံးရလဒ်က မတူကြပါဘူး။ ကျနော်တို့ နေရာချင်း လဲပြီး စဉ်းစားပေးဖို့ လိုပါတယ်။ ဘယ်ကိစ္စမဆို မတူတဲ့ ရှုထောင့်ကနေ ကြည့်ရင် မတူတဲ့အမြင် ရှိကြပါတယ်။
သင့်မှာ သမီးတယောက်ရှိရင် သားရှင်ဘက်က များများတင်တောင်းဖို့ သင်မျှော်လင့်လိမ့်မယ်။ သင့်မှာ သားတယောက် ရှိရင် သမီးရှင်ဘက်က များများမတောင်းဖို့ မျှော်လင့်လိမ့်မယ်။
သင့်မှာ ချွေးမတယောက်ရှိရင် သူအိမ်မှုကိစ္စတွေ များတယ်၊ နားလည်မှု မရှိဘူးလို့ ပြစ်တင်မိလိမ့်မယ်။ သင့်မှာ သမီးတယောက်ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။
သင်လမ်းလျှောက်တဲ့အချိန် ကားမောင်းသူတွေကို အမြင်ကပ်တယ်။ သင်ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး။
သင်အလုပ်သမား ဖြစ်နေရင် သင်ရဲ့သူဌေးက ကပ်စေးနည်း အာဏာပြလွန်းတယ်လို့ ယူဆတယ်။ သင် သူဌေးဖြစ်တဲ့အချိန် သင့်အလုပ်သမားတွေက ခိုကပ်တယ် တာဝန်ယူချင်စိတ် မရှိဘူးလို့ ယူဆတယ်။
သင်ဝယ်ယူသူ ဖြစ်တဲ့အချိန် ဈေးရောင်းသူက အမြတ်ကြီး စားလွန်းတယ်လို့ သတ်မှတ်တယ်။ သင်ဈေးရောင်းသူ ဖြစ်တဲ့အချိန် ဝယ်ယူသူက ဈေးဆစ်တတ်လွန်းတယ် လို့ သတ်မှတ်တယ်။
အမြဲတမ်း ကိုယ့်နေရာကနေဘဲ မကြည့်ဘဲ တခြားသူဘက်ကနေလည်း ကြည့်ပေးပါ။ နေရာလဲပြီး တပါးသူအတွက်လည်း စဉ်းစားပေးဖို့ လိုပါတယ်။
တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ ဂရုစိုက်မှုတမျိုးပါ။ တခြားသူရဲ့ အခက်အခဲကို နားလည်ပေးနိုင်တာ ကြင်နာခြင်းတမျိုးပါ။ တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ သဘာထားကြီးခြင်း တမျိုးပါ။ Crd
0 Comments