ကူညီတတ်သောမြေခွေး

တခါတုန်းက တောအုပ်တခုမှာ မြေခွေးတကောင် နေထိုင် ကျက်စားနေသတဲ့။ မြေခွေးဆိုတဲ့ အမျိုးဟာ စဉ်းလဲကောက်ကျစ်တတ်တဲ့ သတ္တဝါမို့ ဘယ်သူကမှ အပေါင်းအသင်း မလုပ်ကြဘူး။

ဒါပေမယ့် ဒီမြေခွေးလေးဟာ တခြားမြေခွေးတွေနဲ့ မတူပဲ စိတ်ထားကောင်းပြီး တပါးသူကိုလည်း ကူညီတတ်ပါတယ်။သို့သော်လည်း သူ့ရဲ့ အကူအညီကို ဘယ်သူကမှ မယူရဲကြပါဘူး။ မြေခွေးဆိုတာ ကောက်ကျစ်တဲ့ အမျိုးလို့ပဲ ယုံကြည်ထားတာကြောင့်ပါ။

ဒီလိုနဲ့ တနေ့ကျတော့ မုဆိုးတဦး ထောင်ထားတဲ့ ကျော့ကွင်းမှာ သမင်လေးတကောင် မိနေပါသတဲ့။ ဒါကို တောလည် ထွက်လာတဲ့ မြေခွေးကမြင်တော့ တောအုပ်ထဲကို အမြန်ပြေးဝင်ပြီး သမင်တွေနဲ့ အခြားတိရိစ္ဆာန်တွေ ကိုပါ ပြောပြီး အကူအညီတောင်းတယ်။

ဘယ်သူကမှ မြေခွေးစကားကို မယုံကြသလို အဖက်တောင် မလုပ်တဲ့အတွက် မြေခွေးလေးခမျာ စိတ်အားငယ် သွားရှာတယ်။ဒါနဲ့ မြေခွေးလေးက စဉ်းစားတယ်။

"ဒီအတိုင်းဆိုရင် ကျော့ကွင်းမိထားတဲ့ သမင်ကလေးတော့ ဒုက္ခရောက်တော့မယ်။ မဖြစ်ဘူး ငါ ရအောင်ကယ်တင်မယ်" ဆိုပြီး သမင်ကလေး ရှိရာကို ထွက်လာခဲ့တယ်။

သမင်ကလေးဆီ ရောက်တော့ သူလည်း လွတ်မြောက်ဖို့ အတွက် ကြိုးစားရုန်းကန်ထားလို့ အားအင် ကုန်ခမ်းနေပြီ။ ဒီအခါမှာ မြေခွေးကို မြင်တော့ သမင်ကလေးက ပိုပြီး ကြောက်ရွံသွားတယ်။

ဒါပေမယ့် အကူအညီတောင်းစရာကလည်း မြေခွေး ပဲရှိတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး မြေခွေး ကို အကူအညီတောင်းပါသတဲ့။

"အိုး စိတ်သဘောထား ပြည့်ဝတဲ့ မြေခွေးကြီးခင်ဗျား ကျွန်ုပ်မှာ အသင် ကယ်တင်မှ အသက်ဘေးက လွတ်မြောက်ရမှာမို့ သနားသောအားဖြင့် ကူညီ ကယ်တင်ပေးပါလား"

ဒီစကားကြားတော့ မြေခွေးဟာ အလွန်ဝမ်းသာပြီး အားအင်တွေ တက်လာခဲ့တယ်။

"ငါ့တဘဝလုံးမှာ ငါ့ကို ယုံယုံကြည်ကြည်နဲ့ အကူအညီ တောင်းတာဆိုလို့ ဒီသမင်ငယ်လေးပဲ ရှိတယ်။ငါ သေချင် သေသွားပါစေ ဒီသမင်ကလေး လွတ်မြောက်ဖို့ အတွက် အဆုံးထိ ကူညီမယ်" လို့ ဆုံးဖြတ်ချက် ချလိုက်ပါသတဲ့။

အဲဒါနဲ့ မြေခွေးလည်း ကျော့ကွင်းကို စတင် ကိုက်ဖြတ်ပါတော့တယ်။ ကြိုးကလည်း အင်မတန် ခိုင်ခန့်တဲ့အတွက် အတော်ကြိုးစားပြီး ကိုက်ဖြတ်ရတော့ သွားတွေက မခံမရပ်နိုင်အောင်ကို နာကျင်လာပါတယ်။

ဒါပေမယ့် မြေခွေးက ဇွဲမလျော့ပဲ ကိုက်ဖြတ်လာတာ ညနေရောက်လို့ မုဆိုး လာခါနီးချိန်မှာတော့ ကြိုးတွေ ပြတ်ပြီး သမင်ကလေးလည်း လွတ်မြောက်သွားပါတော့တယ်။

သို့ပေမယ့် မြေခွေးလေးခမျာမှာ အားအင်ကုန်ခမ်းပြီး အဲ့နေရာမှာပဲ လဲကျနေခဲ့တယ်။ သမင်ကလေးကတော့ တောအုပ်ထဲကို ဝင်ပြေးသွားခဲ့လေပြီ။

ဒီလိုနဲ့ မကြာမီအချိန်မှာပဲ မုဆိုးကြီး ရောက်လာခဲ့တယ်။ မုဆိုးက သူထောင်ထားတဲ့ ကျော့ကွင်းက ပျက်စီးနေပြီး လဲကျနေတဲ့မြေခွေးကိုလည်း တွေ့တော့

"ဒီမြေခွေးကတော့ ငါထောင်ထားတဲ့ ကျော့ကွင်းထဲက သားကောင်ကို ဖမ်းယူစားသောက်ဖို့ ကျော့ကွင်းကို ဖျက်ဆီးလိုက်တာပဲ" လို့ တွေးပြီး မြေခွေးကို ဖမ်းဆီးလိုက်ပါတော့တယ်။ မြေခွေးခမျာ မုဆိုးလက်ချက်နဲ့ သေသွားရရှာသတဲ့။

တခါတလေ ပတ်ဝန်းကျင်ဆိုတာက "ဒီပုတ်ထဲက ဒီပဲ" ဆိုတဲ့ တယူသန် အယူအဆတွေ ရှိတတ်ကြတယ် ဆိုတာ သိစေချင်လို့ပါ။ နောက်ပြီး ကူညီခြင်းဆိုတာ မွန်မြတ်တဲ့အလုပ် ဆိုပေမယ့် မိမိဒုက္ခရောက်မယ့် ကူညီခြင်းမျိုးကိုတော့ ရှောင်သင့်ပါတယ်။ KM

Post a Comment

0 Comments