လောကကြီးမှာ အပျော်ဆုံးသူ

တခါတုန်းက ကျီးကန်းတကောင် ရှိတယ်။ သူက သူ့ကိုယ်သူ လောကမှာ ငါဟာ အပျော်ဆုံး ငှက်တကောင်ပဲ ဆိုပြီး ဘဝကို သာယာနေပါတယ်။

တနေ့မှာ သူဗျိုင်းတကောင်ကို တွေ့တယ်။ သူ့တကိုယ်လုံးက ဖြူဖွေးနေတာပဲ။ ငါကတော့ မည်းနက်နေတယ်။ သူဟာ လောကမှာ အပျော်ဆုံးငှက် ဖြစ်လိမ့်မယ်လို့ တွေးမိတယ်။

ဒီလိုနဲ့ သူက ဗျိုင်းကို သွားပြောတယ်။ "ကိုဗျိုင်းရာ ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ။ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက်ပဲ မဟုတ်လား"

ဒီတော့ ဗျိုင်းက ပြန်ပြောတယ်။ "ကျနော်လည်း အစက အဲဒီလို တွေးမိတာ ကြက်တူရွေးကို မတွေ့ခင် အထိကပဲဗျာ။ ကျနော် က အဖြူရောင် တခုတည်း ရှိတာ သူ့မှာက အရောင် ၂ မျိုး ရှိတယ် သိပ်လှတယ်ဗျ"

ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီ သွားတယ်။ "ခင်ဗျားက အရောင် ၂ မျိုးနဲ့ သိပ်လှတယ်ဗျာ။ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက်ပဲ မဟုတ်လား"

ကြက်တူရွေးက "ဟား ကျနော်က ဘာဟုတ်သေး လဲဗျာ။ ကျနော်မှာ အရောင်၂ မျိုးပဲရှိတာ ဒေါင်းမှာ အရောင်တွေ အများကြီးနဲ့ ဗျ။ ခင်ဗျား သူ့ကို သွားမေးပါလား" လို့ ဖြေလိုက်တယ်။

ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကို လိုက်ရှာရင်း တိရစ္ဆာန်ရုံ တခုထဲမှာ လူတွေအများကြီး ဝိုင်းကြည့်နေတဲ့ ဒေါင်းကို တွေ့လိုက်တယ်။ "အား ပါး လှလိုက်တာ သူက သေချာပေါက် အပျော်ဆုံးငှက်ပဲ" လို့ တွေးလိုက်တယ်။

ဒီလိုနဲ့ တိရစ္ဆာန်ရုံ ပိတ်ချိန်အထိ စောင့်နေပြီး ညနေလူရှင်းတော့ ဒေါင်းဆီ သွားပြောတယ်။ "ကိုဒေါင်း ခင်ဗျား ဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံး ငှက်ပဲဗျာ။

လူတွေက ခင်ဗျားရဲ့ အလှကို ဒီလို တကူးတက လာကြည့်တယ်။ ကျုပ်ကို မြင်ရင်ဖြင့်တော့ မောင်းလွှတ်တာပဲ ဗျို့။ တခါတလေ ခဲနဲ့တောင် ပေါက်လို့ မနည်း ရှောင်ရတယ်ဗျာ" လို့ ပြောတယ်။

ထိုအခါ ဒေါင်းက "အင်းဗျာ ကျနော်က အလှဆုံးငှက် ဆိုတာ မှန်ပါရဲ့။ ဒါပေမယ့် ကျနော့်ရဲ့ အလှတရားကြောင့် ကျနော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင် ခံထားရတယ်။ ဒီမှာ မိတ်ဆွေကျီး ကျနော် တိရိစ္ဆာန်ရုံ တခုလုံးကို သေချာ စူးစမ်းပြီးပြီ။ လှောင်အိမ်ထဲ ထည့်မထား ခံရတာဆို လို့ ကျီးကန်းပဲ ရှိတယ်ဗျ။

ကျနော် တခါတလေ တွေးမိတယ်။ လောကမှာ အပျော်ဆုံးငှက်ဟာ ကျီးကန်းပဲ ဖြစ်မယ် လို့ပေါ့။ လွတ်လွတ်လပ်လပ် ပျံသန်း နေတဲ့ ကျီးကန်းတွေကို မြင်ရင် ကျနော် အရမ်း အားကျတယ်ဗျာ" လို့ ပြန်ပြောတယ်။

ကျနော်တို့ဟာ တခါတလေ ကျနော်တို့ ကြုံတွေ့နေရတဲ့ ဘဝ အခြေအနေနဲ့ ပြဿနာတွေ အပေါ်မှာ မကျေမနပ်ဖြစ်ပြီး သူများဘဝတွေကို အားကျမိတတ်ကြတယ်။

တကယ်တော့ ဘယ်လို ဘဝမျိုးဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ဘဝကိုကိုယ် ကျေနပ်နိုင်သူသာ လောကမှာ အပျော်ဆုံးလူသား ဖြစ်ပါလိမ့်မယ်။ crd

Post a Comment

0 Comments