လောဘကြီးရင် သောကကြီးမယ်

တခါတုန်းက ကုန်သည်တစုဟာ မြင်းကိုယ်စီနဲ့ ခရီးအတူ ထွက်ကြသတဲ့။ တညမှာတော့ သူတို့ဟာ ရေမရှိတဲ့ စမ်းချောင်းတခုဆီကို ရောက်လာကြတယ်။

အဲဒီအချိန်မှာပဲ ပတ်ဝန်းကျင်တခုလုံး ပိန်းပိတ်အောင် မှောင်သွားသတဲ့။ ကုန်သည်တွေလည်း မမြင်မစမ်းနဲ့ စမ်းချောင်းကို ဖြတ်ကြတာပေါ့။

ရေ မရှိပေမယ့် ချောင်းရဲ့ ကြမ်းပြင်က ကျောက်စရစ်ခဲတွေ ရှိတာကတကြောင်း၊ ပတ်ဝန်းကျင်မှာ မှောင်နေတာက တကြောင်းကြောင့် သူတို့ဟာ သတိထားပြီး ခပ်ဖြည်းဖြည်းပဲ သွားကြတယ်။

ချောင်းအလယ်လည်း ရောက်ရော ကျောချမ်းဖွယ် အသံကြီးတခု ထွက်လာတယ်။ "မင်းတို့အားလုံး မြင်းပေါ်က ဆင်းကြစမ်း"

သူတို့အားလုံးဟာ ကြောက်ကြောက်နဲ့ မြင်းပေါ်က ဆင်းလိုက်ကြတယ်။ "မင်းတို့အောက်မှာ စမ်းမိတာတွေကို မင်းတို့ အိတ်ထဲထည့်ကြစမ်း"

ကုန်သည်တွေဟာ အောက်ကို စမ်းကြည့်တော့ ချောင်းကြမ်းပြင်က ကျောက်စရစ်ခဲလိုလို ကျောက်ခဲတွေ စမ်းမိတာနဲ့ အိတ်ထဲကောက်ထည့်လိုက် ကြတယ်။ အသံနက်ကြီး ထွက်လာပြန်တယ်။

"သွားကြတော့"

ကုန်သည်တစုဟာ မြင်းပေါ်စွေ့ကနဲ ခုန်တက်ပြီး ခြေဦးတည့်ရာ ဒုန်းစိုင်း ပြေးကြပါတော့တယ်။ ဒီလိုနဲ့ ပြေးကြရင်း မနက်လင်းလည်း လင်းရော သူတို့တတွေလည်း ခြေကုန်လက်ပမ်းကျ မောပမ်းလာကြတဲ့အတွက် နားလိုက်ကြပါတယ်။

အမောပြေသွာတဲ့အခါ သူတို့အိတ်ထဲကို ဘာတွေ ထည့်လာမိတယ်ဆိုတာ သံသယနဲ့ အိတ်ကို ဖွင့်ကြည့်လိုက်ကြတယ်။ သူတို့တွေ့လိုက်ရတာက အဖိုးမဖြတ်နိုင်တဲ့ ကျောက်မျက်ရတနာတွေပေါ့။

ဒီနေရာမှာဖြတ်ပြီး စာဖတ်သူတို့ကို မေးချင်ပါတယ်။ အဲဒီမြင်းကုန်သည်တွေဟာ ဘယ်လို ခံစားရလိမ့်မယ်လို့ ထင်ပါသလဲ။ သူတို့ဟာ အတိုင်းမသိ ဝမ်းသာပျော်ရွှင် နေကြမှာလား။

မဟုတ်ပါဘူး။ သူတို့တွေ စိတ်ဆင်းရဲသွားကြသတဲ့။ ဘာလို့လဲ ဆိုတော့ အခုလို ရတနာတွေမှန်း သိရင် ဒီထက် ပိုကောက်ခဲ့မိမှာ၊ ခုတော့ အရနည်းလေခြင်း ဆိုပြီး ဝမ်းနည်းပူဆွေး သွားကြသတဲ့။

လောဘကြီးလေ သောကကြီးလေပေါ့။ လောဘမရှိရင် ဘယ်ချမ်းသာပါ့မလဲ လို့လည်း စောဒက မတက်ကြပါနဲ့ဦး။ ချမ်းသာဖို့ဆိုတာ လောဘကြီးစရာ မလိုပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်ကိုသာ စေတနာထားပြီး လုပ်ပါ။

ကိုယ့်အလုပ်က သူတပါးအတွက် ဘယ်လို အကျိုးပြုနိုင်မလဲ ဆိုတာသာစဉ်းစားပါ။ အဲဒီအခါ "ကျွဲကူး ရေပါ" ဆိုသလို ချမ်းသာသုခတွေ ဟာလည်း အလိုလို ရောက်လာပါလိမ့်မယ်။ နန္ဒာသိန်းဇံ

Post a Comment

0 Comments