စွန့်လွှတ်တတ်ခြင်း အနုပညာ

တချို့တချို့သော အရာတွေဟာ ဘဝခရီးကို ဆက်လက်လျှောက်တဲ့အခါမှာ စွန့်လွှတ်ထားခဲ့ဖို့ လျစ်လျူရှုတတ်တဲ့ စိတ်ကိုမွေးပြီး ရှေ့ဆက်ဖို့ လိုပါတယ်။

မလိုအပ်တဲ့ အရာတွေကို အပင်ပန်းခံ ဝန်ထုပ်ဝန်ပိုးတခုလို အမြဲထမ်းထားခြင်းဟာ ကိုယ့်ဒုက္ခကို ကိုယ်တိုင် ရှာဖွေနေတာနဲ့ အတူတူပါပဲ။

တခါတလေကျ ဘဝရဲ့ နေ့ရက်တွေကို ဖြတ်သန်းရင်းနဲ့ နေရထိုင်ရတာ ဘဝကို ဖြတ်သန်းနေရတာက မပျော်ရွှင်တော့ဘူး။ လမ်းပျောက်ပြီး ဘာမှလုပ်ချင်စိတ် မရှိတော့ဘဲ အရှုံးပေးချင်လာတယ်။

ဟိုအရာကိုလည်း လက်မလွှတ်ချင် ဒီအရာကိုလည်း လိုချင်စတဲ့ အလိုလောဘ ကြီးမှုတွေကြောင့် စိတ်ဖိစီးမှုတွေ စိတ်ညစ်မှုတွေ ပိုတိုးပွါးလာတယ်။

အရာရာတိုင်းကို အကောင်းဘက်က ကြည့်ဖို့ထက် မကောင်းတဲ့ ဘက်ကနေ အတွေးကအစ အပြုအမူ အပြောအဆိုတွေနဲ့ သတိလက်လွှတ် တုန့်ပြန်မိလာတယ်။

ဒါတွေ ဖြစ်ရခြင်းရဲ့ အခြေခံသဘောတရားတွေကို ပြန်တွေးတော ဆင်ခြင်ကြည့်တဲ့အခါ ကိုယ်ဘဝထဲကနေ ဖယ်ထုတ်ပစ်ရမဲ့ စွန့်လွှတ်ပစ်ရမဲ့ အရာတွေကို ဆုံးရှုံးသွားမှာ ကိုယ့်အနားမရှိတော့မှာ

ဖြစ်မလာတဲ့ အရာတွေအပေါ် တွေးတော ကြောက်ရွံ့ပြီး တကယ့် လက်တွေ့ကိုရင်မဆိုင်ရတာတွေကြောင့် ဆိုတာ တွေ့မြင်လာရတယ်။

လောဘကြီးလို့ မရပါဘူး။ ဟိုအရာလည်းလိုချင် ဒီအရာလည်း စွန့်လွှတ်ဖို့ ခက်နေတာဟာ စိတ်ဖိစီးမှုကို ကိုယ်တိုင် ခေါ်ယူနေတာနဲ့ အတူတူပါပဲ။ ကိုယ်ဘာလိုချင်လဲ ဘာဖြစ်ချင်လဲဆိုတာ အမှန်အတိုင်း သိမြင်လာအောင် အဖြေရှာဖို့ လိုပါတယ်။

ကိုယ်ရဲ့ အဓိကလိုအပ်ချက်ကို ရှင်းရှင်းလင်းလင်း သိနားလည်မှ ကိုယ်က ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ချနိုင်မှာပါ။ ကိုယ်ဘာလမ်းကို ရွေးချယ်ရမလဲ ဆိုတာကို ဝေဖန်ပိုင်ခြား နိုင်လာမယ်။

စွန့်လွှတ်သင့်တဲ့ အရာတွေကိုလည်း ပြတ်ပြတ်သားသားစွန့်လွှတ်ပြီး ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းကို အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး လျှောက်လမ်းနိုင်မှာပါ။

ကိုယ့်ကို စိတ်ဒုက္ခတွေ စိတ်ဖိစီးမှုတွေ ပေးနေတာဟာ ကိုယ်ကိုယ်တိုင်ပါပဲ။ အပြင်လူတွေက ဘယ်လောက်ပေးပေး ကိုယ်ကိုယ်တိုင် လက်ခံမယူရင် ကိုယ့်ဆီ မရောက်ပါဘူး။

ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေမဲ့ အရာတွေကိုသာ ရွေးချယ် ယူပြီးတော့ အကျိုးမရှိမဲ့ ဆိုးကျိုးဖြစ်စေမဲ့ အရာတွေကို ဖယ်ထုတ်ပစ်ပါ။

လျစ်လျူရှုပစ်လိုက်ပါ။ ဘဝခရီးလမ်းက အရှည်ကြီးပါ။ ကိုယ့်စိတ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမဲ့ အမှိုက်တွေကို မသယ်ဆောင်တဲ့ သူကမှ လမ်းတလျှောက်ရဲ့ အလှတရားကို ရှုမြင်နိုင်မှာပါ၊ ခံစားနိုင်မှာပါ။ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို ခံစားတွေ့ကြုံရမှာပါ။

သင်ကော ကျွန်ုပ်ကော ဒီကမ္ဘာမြေပေါ်မှာရှိတဲ့ လူသား တယောက်ချင်းစီတိုင်းဟာ အကောင်းဆုံးသော အရာတွေနဲ့ ထိုက်တန်မှုရှိတဲ့ သူတွေပါ။

သင့်ကိုယ်သင် အကောင်းဆုံးတွေနဲ့ ထိုက်တန်တဲ့သူဆိုတာ ယုံကြည်မှုရှိပါ။ ကိုယ့်အတွက် အကျိုးမရှိဘူးလို့ခံစားရရင် စိတ်အတွင်းကကော ကိုယ့်ဘဝထဲကနေပါ ဖယ်ထုတ်ပစ်ပါ။

အကောင်းတွေကို ရအောင်ရှာကြည့်ပါ။ အကောင်းတွေကို တွေးတောပါ။ ဘယ်လောက်ဆိုးတဲ့ အခြေအနေဖြစ်ဖြစ် ကိုယ်ကသာ တွေ့အောင်ရှာရင် ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေမဲ့ အရာတွေကို သင်တွေ့မြင်နိုင်မှာပါ။ crd

Post a Comment

0 Comments