တခါက မုဆိုးတသိုက်သည် မြေခွေးတကောင်ကို အမိဖမ်းရန် နောက်မှ အပြင်းလိုက်လေသည်။ မြေခွေးလည်း ထိတ်လန့်စွာဖြင့် အားကုန် ပြေးလွှားရာမှ လယ်သမားတဦး၏ တဲရှေ့သို့ ရောက်လာ၏။
ဤတွင် သူက လယ်သမားအား တဲအတွင်း၌ ပုန်းအောင်းခွင့် ပြုပါရန် တောင်းပန်ပြောဆိုလေသည်။ လယ်သမားကလည်း ခွင့်ပြုလိုက်သည်။ မြေခွေးသည် တဲထောင့် တနေရာတွင် ဝင်ရောက် ပုန်းအောင်းနေ၏။
ထိုအချိန်တွင် မုဆိုးတို့သည် လယ်သမား၏ တဲရှေ့သို့ ရောက်ရှိလာကြ၏။ သူတို့က လယ်သမားအား "မြေခွေးကို မြင်လိုက်ပါ သလား" ဟု မေးမြန်းကြ၏။
လယ်သမားက "မည်သည့် မြေခွေးကိုမှ ကျွန်ုပ် မမြင်လိုက်ပါ" ဟူ၍ အသံကျယ်စွာဖြင့် ပြန်ဖြေလေသည်။ သို့သော် သူသည် မြေခွေးရှိရာ တဲထောင့်သို့ကား လက်ညှိုး ညွှန်ပြနေ၏။
ကံအားလျော်စွာပင် မုဆိုးတို့သည် လယ်သမား ညွှန်ပြသည်ကို မရိပ်မိကြ။ မုဆိုးတို့ နေရာမှ ထွက်ခွာသွား ကြ၏။
မုဆိုးတို့ ထွက်ခွာသွားသည်နှင့် တပြိုင်နက် မြေခွေးသည် တဲထောင့်မှ ထွက်လာပြီးလျှင် လယ်သမားအား မည်သို့မျှ မဆိုဘဲ ထွက်ခွာသွားလေသည်။
ထိုအခါ လယ်သမားက မြေခွေးကို လှမ်းခေါ်လျက် ဤသို့ဆို၏။ "ဟယ် မြေခွေးမိုက်၊ သင်သည် သင့်အသက်ကို ကယ်သူအား နှုတ်ဆက်၍မှ မသွား၊ ကျေးဇူးစကားမှ မဆို၊ မသိယောင်ပြု၍ ထွက်ခွာ သွားချေသည်။ သင်သည် လွန်စွာ ကျေးဇူးကန်းသော သတ္တဝါပင် ဖြစ်သည်တကား"
ထိုအခါ မြေခွေးသည် လယ်သမားကို စူးစိုက်စွာ ကြည့်ပြီးလျှင် "အဆွေ၊ ကျွန်ုပ်သည် ပုန်းအောင်းနေစဉ် သင်ပြောသည့် စကားတို့ သာမက သင်လက်ညှိုး ညွှန်ပြသည်ကိုလည်း ကောင်းစွာ မြင်တွေ့ပါသည်။
အကယ်၍ သင်ပြောသည့် စကားနှင့် သင့် အပြုအမူတို့သာ ကိုက်ညီမည် ဆိုပါက ကျွန်ုပ်သည် ကျေးဇူးမဆိုဘဲ မနေပါ။
ယခုမူ သင်က ကျွန်ုပ်ကို ကယ်ဆယ်ခြင်း မဟုတ်ပေ။ ကံကောင်း ထောက်မလွန်းသဖြင့်သာ ကျွန်ုပ်မှာ အသက်ချမ်းသာရာ ရခဲ့ပါသည်" ဟူ ၍ ပြန်လည် ပြောဆိုလိုက်ပြီး ထွက်ခွာသွားလေသည်။
တခါတလေမှာ ကိုယ့်ကို ကူညီကယ်ဆယ်သလိုနဲ့ ချောက်ထဲ တွန်းပို့တတ်တဲ့ သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီးပါ။ Crd
0 Comments