တခါတုန်းကပေါ့။ အရမ်းကို အောင်မြင်နေတဲ့ ရုပ်မြင်သံကြားဌာနတခု ကနေပြီး စီးပွားရေးမှာ ထူးချွန်လို့ နာမည်ကြီးနေတဲ့ လူငယ်တဦးကို အင်တာဗျူးပါတယ်။
အင်တာဗျုးတွေရဲ့ နောက်ဆုံး အဆုံးသတ် စကားအတိုင်း မေးတဲ့သူက လူငယ်ကို"အောင်မြင်မှုအတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ" လို့ မေးခဲ့ပါတယ်။
လူငယ်က ခဏစဉ်းစားပြီး အဖြေကို တိုက်ရိုက်မပြောပဲ သူ့ကို ပုံပြင်လေးတပုဒ် ပြောသွားခဲ့တယ်။ "ဟိုးလွန်ခဲ့တဲ့ ၁၂ နှစ်တုန်းကပေါ့။ လူငယ်တဦးက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကို ထွက်သွားပြီး အလုပ်တဖက် ကျောင်းစာတဖက်နဲ့ ပညာဆက်လက်သင်နေခဲ့တယ်။ သူသွားတဲ့နိုင်ငံက ပြင်သစ်နိုင်ငံတဲ့။
အဲဒီပြင်သစ်ကို ရောက်ပြီး မကြာခင်မှာပဲ လူငယ်လေးဟာ ပြင်သစ်က ကားဂိတ် ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ လက်မှတ်ပြရတဲ့နေရာ မရှိကြောင်း သတိထားမိသွားတယ်။
ကားတွေ ရထားတွေ ပေါ်မှာလည်း လက်မှတ်စစ်တွေ လာစစ်တာ အင်မတန် နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့ လာစစ်ခဲ့လို့ မိရင်လည်း အဖမ်းခံရမယ့် အခြေအနေဟာ လူတသောင်းမှာမှ တယောက်တောင် မရှိဘူးလို့ သူတွေးမိလိုက်တယ်။
အဲဒီလိုနဲ့ သူဟာ ကားစီးတိုင်းမှာ လက်မှတ် မဝယ်ပဲ စီးခဲ့တယ်။ ကိုယ်ကိုယ်ကိုလည်း အလုပ်လုပ်ပြီး ကျောင်းတတ်နေရတာဖြစ်တဲ့အတွက် ငါဟာ တတ်နိုင်သမျှ ချွေတာနိုင်သမျှ ချွေတာမယ်လို့ တွေးလိုက်တယ်။ အဲဒီလိုနဲ့ အချိန်ကာလ ၄ နှစ် ကုန်သွားခဲ့တယ်။
နာမည်ကြီး တက္ကသိုလ်တခုရဲ့ ကျောင်းသားတဦးအဖြစ် အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကျောင်းသားတဦးအဖြစ် သူဟာ ဘွဲ့ရခဲ့တယ်။ ပြီးတဲ့အခါ အဲဒီပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြား ကုမ္မဏီတွေမှာ သူအလုပ် လျှောက်ခဲ့တယ်။ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ပေါ့။ ဒါပေမယ့် အလုပ်တိုင်းလိုလိုမှာ သူဟာ အပယ်ခံထိခဲ့တယ်။
အလုပ် စလျှောက်တော့ ကုမ္ပဏီတွေက သူ့ကို ဝမ်းသာအားရ ကြိုဆိုကြပြီး အင်တာဗျုးတွေ မေးကြပေမယ့် နောက်ဆုံးတော့ သူ့ကို ပယ်ပစ်ခဲ့ကြတယ်။ ဘာအကြောင်းကြောင့် ပယ်တာလဲ ဆိုတာကို သူလည်းအတော့်ကို သိချင်နေခဲ့တယ်။
နောက်ဆုံးကုမ္ပဏီတခု ကိုတော့ သူ စာပို့ပြီး အပယ်ခံရတဲ့ အကြောင်းကို မေးခဲ့ပါတယ်။ မကြာခင်မှာပဲ ပြန်စာ သူ့ဆီရောက်လာခဲ့တယ်။ စာထဲမှာရေးထားတာက
မိတ်ဆွေရဲ့ ပညာအရည်အချင်း၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်တော မိတ်ဆွေဟာ လက်မှတ်မပါပဲ ကားခိုးစီးမှုအတွက် ဒါဏ်ငွေ ၃ ကြိမ် ဆောင်ခဲ့ရကြောင်းကို ကျွန်တော်တို့ ဝမ်းနည်းစွာ သိခဲ့ရတယ်။
ဒီတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာက မိတ်ဆွေဟာ စည်းကမ်းမလိုက်နာသူ၊ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ ဖြစ်နေတယ် ဆိုတာပါပဲ။ အဲဒီ ၂ ချက်ကြောင့် ကျွန်တော်တို့ကုမ္ပဏီကနေ ဝမ်းနည်းစွာ ပယ်ခဲ့ရခြင်း ဖြစ်ပါတယ်။
စာကိုဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက် အိပ်မက်ဆိုးထဲကနေ လန့်နိုးလာသလို တုန်လှုပ် ခြောက်ခြားနေခဲ့တယ်။ စာရဲ့ နောက်ဆုံးမှာလည်း အောက်ပါအတိုင်း ရေးထားပါသေးတယ်။
"စဉ်းစားဆင်ခြင်နိုင်စွမ်းရဲ့ အားနည်းချက်ကို ကိုယ်ကျင့်တရားက အမြဲတမ်းလိုက်ပြီး ဖြည့်ဆည်းပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ အားနည်းချက် ချို့ယွင်းမှုကိုတော့ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိက ဘယ်တော့မှ လိုက်မဖြည့်ဆည်းပေးနိုင်ဘူး"
အဲဒီပြန်စာရပြီး နောက်ရက်မှာလူငယ်ဟာ သူ့နိုင်ငံသူ ပြန်သွားခဲ့တယ်။ ကျွန်တော်ပြောချင်တာကတော့ ဒါပါပဲလို့ လူငယ်က အင်တာဗျုးမေးတဲ့သူကို ဖြေလိုက်တယ်။
လူငယ်ရဲ့ စကားအဆုံးမှာ အင်တာဗျူးတဲ့သူတွေ ခဏလောက် တိတ်ဆိတ်သွားပါတယ်။ ပြီးတော့ထပ်မေးတယ်
"ဒါဟာ အောင်မြင်မှုအတွက် အရေးပါတဲ့အချက်လို့ ပြောနိုင်ပါသလား"
"ဟုတ်ကဲ့ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်က ကျွန်တော် ဖြစ်နေခဲ့လို့ပါပဲ။ ကျွန်တော် ဒီနေ့အောင်မြင်လာရခြင်းဟာ မနေ့က ဖြစ်ခဲ့တဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ အမှားတွေ အားနည်းချက်တွေကို ဒီနေ့အတွက် သင်ခန်းစာယူပြီး အကောင်းဆုံး ကြိုးစားနိုင်ခဲ့လို့ပါပဲ"
ဘယ်သူမှ မသိဘူးဆိုပြီး ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ဖောက်ဖျက်လိုက်ခြင်းဟာ တကယ်တော့ ကိုယ့်အတွင်းစိတ်ကို ကိုယ်သတ်ပစ်လိုက်ရခြင်းနဲ့ တူပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ အမှားတွေ နောင်တတွေကို ဒီနေ့အထိ သယ်ဆောင်လာခဲ့ရမှာ မဟုတ်ပါဘူး။ ဖြစ်ခဲ့သမျှကို အကောင်းဆုံး သင်ခန်းစာယူလို့ ဘဝအတွက် ကြီးမားတဲ့ အောင်မြင်မှုကို လက်လှမ်းယူကြရမှာ ဖြစ်ပါတယ်။
အသိဉာဏ်ကို မြင့်မားအောင် တည်ဆောက်ပါ၊ ကိုယ်ကျင့်တရားကို မပျက်ယွင်းပါစေနဲ့၊ နိမ့်ပါးတဲ့ အသိဉာဏ်ကို ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားက ကာကွယ်ဖြည့်ဆည်း ပေးပါလိမ့်မယ်။ phoomyatchal
0 Comments