ပုံပြင် (၁)
ရွာတရွာက ကလေးမလေးတယောက် ကျောင်းကို နေ့တိုင်းတယောက်ထဲ အဝေးကြီး သွားတက်ရတယ်။ တနေ့ ညနေကျောင်းဆင်းချိန်မှာ မိုးတွေ ရုတ်တရတ် အုံ့ဆိုင်းလာပြီး လျှပ်စီးတွေ လက်လာသည်။
အမေဖြစ်သူက သမီးကို အရမ်းစိတ်ပူသွားပြီး ကျောင်းကပြန်လာမယ့် လမ်းအတိုင်း စက်ဘီးနဲ့ အမြန် နင်းသွားရှာသည်။
သူ့သမီးကို လမ်းမှာ တွေ့တဲ့အခါ အမေဖြစ်သူ ကြောင်သွားသည်။ သမီးဖြစ်သူက လျှပ်စီး တခါလက်တိုင်း လမ်းလျှောက်တာ ရပ်လိုက်ပြီး ကောင်းကင်ကို ခေါင်းမော့ကြည့်သည် ပြီးတော့ ရယ်ပြသည်။
တော်တော်ကြာ ရပ်ကြည့်နေပြီးမှ အမေက သမီးအနား စက်ဘီးတွန်းသွားရင်း မေးလိုက်သည်။ သမီးလေး သမီး ဘာလုပ်နေတာလဲ သမီးက ပြန်ဖြေတယ်။ မိုးပေါ်က နတ်မင်းကြီးက သမီးကို ဓာတ်ပုံရိုက်ပေးလို့ ပြုံးပြနေတာ မေမေ။
လူတွေ အများဆုံး မှားတဲ့ အမှားက မိမိရဲ့ ဦးနှောက်ထဲက အတွေးနဲ့ သူတပါးကို သွားနားလည်တာပါပဲ။ အရာရာက ကိုယ့်အတွေးထဲက အတိုင်းပဲ ဖြစ်မှာ မဟုတ်ပါဘူး။
အခု ဒီစာမဖတ်သေးခင်အထိ အရာဘယ်နှစ်ခုကို ကိုယ့်အတွေးနဲ့ကိုယ် ဆုံးဖြတ်ပြီး ဘယ်လောက်တောင်မှ လှပတဲ့ အတိတ်တွေကို လက်လွတ်ဆုံးရှုံးခဲ့သလဲ။ လူ့ဘဝကို အတွေးမလွန်ဘဲ ပေါ့ပေါ့ပါးပါး နေပြီး ပျော်ပျော်ရွှင်ရွှင် ခံစား ဖြတ်သန်းကြည့်ပါ။
ပုံပြင် (၂)
အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အင်မတန်မှ အောင်မြင်ကျော်ဇောသော သူဌေးသားတယောက်သည် သူ့အဖေကို ခေါ်ပြီး အင်မတန်မှ ဈေးကြီးတဲ့ စားသောက်ဆိုင်မှာ ညစာ သွားစားသည်။ ညစာစားနေတုန်း နာမည်ကြီး စန္ဒယားဆရာတယောက်က စင်ပေါ်တက်လာပြီး ဖျော်ဖြေ တင်ဆက်လေသည်။
သားဖြစ်သူက ငယ်ငယ်က စန္ဒယား သင်ခဲ့ဖူးတာကို သွားအမှတ်ရသည်။ အဖေ့ဘက်ကို လှည့်ပြီးပြောသည်။
"ကျနော်သာ ငယ်ငယ်က စန္ဒယားကို ကောင်းကောင်းသင်ခဲ့ရင် အခုစင်ပေါ်မှာ စန္ဒယားတီးနေတဲ့သူက သားဖြစ်နေမှာ"
"ဟုတ်တယ် သား"
သူ့အဖေက ပြန်ဖြေတယ်။
"ဒါပေမယ့် အဲဒီလိုဆို ဒီညစာ စားပွဲမှာ ထိုင်စားနေတာ သားဖြစ်ချင်မှ ဖြစ်နေမှာ"
(တခါတလေ ကျနော်တို့သည် လက်လွတ်သွားတဲ့ အခွင့်အရေးကို တမြောတသ ဖြစ်ကာ သက်ပြင်းချမိ နေတတ်ပြီး မိမိရောက်ရှိနေတဲ့ နေရာရဲ့တန်ဖိုးကို သတိမထားမိ တတ်ကြပေ။
ပုံပြင် (၃)
အမေနဲ့သား ဈေးအတူတူ သွားကြသည်။ ကုန်စုံဆိုင် ဆိုင်ရှင်က ကလေးလေးကို တွေ့တာနဲ့ အင်မတန် ချစ်ဖို့ကောင်းတာနဲ့ ဈေးဗန်းထဲက သကြားလုံးကို နှိုက်ယူခိုင်းသည်။
ကလေးက တုပ်တုပ်ပင် မလှုပ်ချေ။ အတန်တန် ပြောသော်လည်း မယူသဖြင့် ဆိုင်ရှင်က ပြုံးကာ သကြားလုံးကို တဆုပ်ယူပြီး အိပ်ကပ်ထဲ ထိုးထည့်ပေးလိုက်သည်။
ဈေးက ပြန်လာတော့ အမေဖြစ်သူက သားကိုမေးသည်။ "သား သကြားလုံး ကြိုက်တတ်မှန်း သိသားနဲ့ ဒီလောက် ယူခိုင်းနေတာသားရယ် ဘာဖြစ်လို့ မယူရတာလဲ" လို့ မေးတဲ့အခါ သားက ပိုင်တဲ့ အပြုံးပြုံးပြီး အမေ့ကို ပြန်ဖြေသည်။
"ဘာဖြစ်လို့လဲဆိုတော့ သားလက်က ပိုသေးတယ် ဆိုင်ရှင်လက်က ပိုကြီးတယ်လေ။ သူထည့်ပေးရင် ကျနော်ယူတာထက် ကျိန်းသေ ပိုများမှာသားသိလို့"
ဒီကလေးဟာ သူ့ရဲ့ limit ကို သူနားလည်တယ်။ ဒါ့အပြင် သူများက သူ့ထက်သာမှန်း ပိုပြီးနားလည်တယ်။ တခါတလေ ကျနော်တို့သည် အရာရာကို မိမိအားနဲ့ မမျှရင် အခြားကိုယ့်ထက် အားသာတဲ့ သူအပေါ် အားကိုးသင့်ပါတယ်။ ဒါဟာ အကျိုးပိုဖြစ်ထွန်းစေတဲ့ လူလည်ကျနည်း တခုပါ။
0 Comments