တခါတုန်းက လူတယောက်ဟာ လမ်းခုလတ် တနေရာမှာ ကြေးဝါနဲ့ သွန်းလုပ်ထားတဲ့ ခေါင်းလောင်းကြီး တလုံးကို တွေ့ သတဲ့။ အဲဒါနဲ့ပဲ သူဟာ ဝမ်းသာအားရ ဖြစ်သွားပြီး အိမ်ကို သယ်ယူဖို့ ကြံစည်တာပေါ့။
ဒါပေမယ့် သူဟာ အားကုန်သုံးပြီး မပေမယ့်လည်း ခေါင်းလောင်းကြီးက အလွန်လေးလံလွန်းလို့ နေရာက တရွေးသားမှ မရွေ့ပါဘူး။
သူ အကြံထုတ်ခဲ့တယ်။ ခေါင်းလောင်းကြီးကို ဘယ်လိုသယ်ရမလဲ ဆိုတာကိုပေါ့။ အတန်ကြာတော့ သူအကြံရပါပြီ။ ခေါင်းလောင်းကြီးကို တစစီ ထုခွဲပြီး အိမ်ကို သယ်သွားမယ်လို့ သူဆုံးဖြတ်ခဲ့ ပါတယ်။
အဲဒီလိုနဲ့ သံတူကြီးတလက်ကို အမြန်သွားယူပြီး ခေါင်းလောင်းကြီးကို စတင် ထုခွဲပါတော့တယ်။ ခေါင်းလောင်းကြီးကို အားနဲ့လွှဲရိုက်တဲ့ အခါမှာပဲ "ဒေါင်" ဆိုတဲ့ ခေါင်းလောင်း မြည်သံကြီးကို ထွက်ပေါ်လာတယ်။
သူ စိတ်ညစ်သွားတယ်။ ပြီးတော့ ရေရွတ် မြည်တမ်းခဲ့တယ်။ "ဒုက္ခပဲ ခေါင်းလောင်းသံကြားလို့ ခေါင်းလောင်းကြီးကို သူများတွေ လာယူရင် အခက်။ ကိုယ်ကျိုးတွေနည်းတော့မှာပဲ" လို့။
အဲဒီနောက်သူဟာ သူရဲ့ နားကို ဝါဂွမ်းနဲ့ ပိတ်လိုက်တယ်။ ပြီးတော့ ခေါင်းလောင်းကြီးကို ဆက်လက် ထုခွဲခဲ့တယ်။ ခေါင်းလောင်းသံကို သူ မကြားတော့ပါဘူး။
အဲဒီလိုပဲ တခြားသူများလည်း ကြားနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ သူဟာ စိတ်ချလက်ချ ထုခွဲပြီး အိမ်ကို သယ်ဆောင်ခဲ့ပါတယ်။
အမှန်တကယ်က ခေါင်းလောင်းသံဟာ သူရိုက်ချက်တိုင်း ဆူညံစွာ ထွက်ပေါ်ခဲ့တာပါ။ အခြားသူတွေလည်း ကြားခဲ့ပါတယ်။ သူ့ကိုယ်သူတော့ လိပ်ပြာလုံတဲ့လူပဲပေါ့။
"နားပိတ်၍ ခေါင်းလောင်းထိုး" ဆိုတာ မိမိစိတ်ကို လှည့်စားခြင်းပါပဲ။ အပြင်လောကမှာလဲ လူအများစုဟာ သူတို့ မကောင်းမှု လုပ်ရပ်များအတွက် လိပ်ပြာလုံအောင် စိတ်ကို အမျိုးမျိုး လှည့်စားတွေးကြပါတယ်။ အတော်များများပါ။
သူတို့ စိတ်တွေ ခေတ္တခဏတော့ လုံခြုံမှာပါ။ ဒါပေမယ့် ခေါင်းလောင်းသံကို အခြားလူတိုင်း ကြားနေမှာတော့ အမှန်ပါပဲ။ ဒါကြောင့် ကိစ္စသေးသေးပဲ ဖြစ်စေ မိမိစိတ်ကို လှည့်စားပြီး မတွေးပါနဲ့တော့။
ဒါလုပ်လိုက်တာ တရားပါတယ် ငါမှန်တာပဲ ဆိုသော ဖြေတွေးသည့် အတွေးများသည်လည်း လူမှုဆက်ဆံရေးတွင် ဘေးရောက်တတ်ပါသည်။ အမှန်တရား ဆိုတဲ့ ခေါင်းလောင်းသံ ကြောင့်ပေါ့။ phoomyatchal
0 Comments