ငါ့နာမည် ဒုက္ခ

ငါ့နာမည်က ဒုက္ခ။ မင်းတို့အားလုံး သိကြမှာပါ။ အနည်းနဲ့ အများတော့ ငါ့ကို ကြောက်ရွံ့ကြတယ် မဟုတ်လား။ တကယ်တော့ လူတွေက စိတ်ကူးတွေ သိပ်ယဉ်တတ် ကြတယ်ကွ။ လက်တွေ့ လုပ်ဆောင်ဖို့ ကြတော့ မရဲကြဘူး။

သူတို့တွေ မျှော်လင့်ချက် အကြီးကြီး ထားကြတယ်။ ရည်မှန်းတဲ့ ပန်းတိုင်ကို လွယ်လင့်တကူ ရောက်မယ်လို့ ခံယူထားကြတယ်။ ဒီလို စတွေးပြီ ဆိုတာနဲ့ ငါ့ကဏ္ဍက ဝင်လာပြီလေ။ ဒင်းတို့တွေ ငါနဲ့ အကြိမ်ကြိမ် ဆုံကြရတယ်။

အများစုကတော့ ငါ့ကို ရင်မဆိုင်ဝံ့ကြဘူး။ ငါနဲ့ ထိပ်တိုက်တွေ့ရင် လက်မြောက် အရှုံးပေး သွားကြတယ်။ မျက်ရည်နဲ့ မျက်ခွက် ဖြစ်သွားတတ် ကြတယ်။

ကံကြမ္မာကို အပြစ်တင် ကြတယ်။ ကိုယ့်ကိုယ်ကို အသုံးမကျဘူး လို့ မြင်တယ်။ နောင်တတွေကို မွေးမြူထားမှန်း ကိုယ်ကိုယ်တိုင် မသိကြရှာဘူး။

တချို့ကျတော့ ငါ့ကို ထိပ်တိုက် ရင်ဆိုင်တယ်။ တခါတလေ ငါ အံ့ဩတယ်။ ဒင်းတို့ အကြိမ်ကြိမ် လဲကျပါလျက် ပြန်ပြန် ထလာ တတ်ကြတယ်။ ပြီးရင် ငါ့ကို အလဲထိုးသွားကြတယ်။

အဲဒီလူတွေကို ငါ ကြည့်လိုက်ပြန်တော့ ခံယူချက်တွေ သိပ်ပြင်းထန်တယ်။ နောက်ပြန်လှည့်မဲ့ လူစားမျိုးတွေ မဟုတ်မှန်း ငါသိလိုက်တယ်။

အချို့တွေမှာ မခံချင်စိတ်တွေနဲ့ အတူ စိတ်ဒဏ်ရာ ခပ်ပါးပါးလေးတွေ ပါလာတတ်ပြန်တယ်။ ဒါကြောင့် သူတို့ အောင်မြင်တာပေါ့။

မင်းတို့ရော ငါနဲ့ ရင်ဆိုင်ဖူးကြတယ် မလား၊ ငါ့ကြောင့် ငိုဖူးကြလား၊ ငါ့ကြောင့် ခံစား ဖူးကြလား၊ ငါ့ကြောင့် စိတ်ဓာတ်တွေ အခါခါ ကျဖူးကြလား။ သေချာတာ တခုက မင်းတို့ခန္ဓာ တည်သေးသရွေ့ ငါနဲ့ ခဏခဏ တွေ့နေရဦးမှာ ဆိုတာပဲ။

သြော် တခုတော့ ပြောရဦးမယ်။ လူတချို့ ငါနဲ့ ရင်ဆိုင်မိရင် မတုန်လှုပ်တော့တဲ့ အပြင် ပြုံးပြုံးကြီး နေတတ်ကြပြီ။ ဒါဆို ငါ့ ကဏ္ဍဟာ အလကားပဲ ပေါ့ကွာ။

သူတို့တွေကို သံမဏိလူသားတွေ လို့ ငါ အမည် ပေးထားတယ်။ မင်းတို့ရော ဖယောင်းလို လူစားမျိုးလား၊ သံမဏိလို လူစားမျိုးလား။ ဆန်းလင်းအောင်

Post a Comment

0 Comments