ဂရုမစိုက်ဘဲ နေတတ်ခဲ့ပြီ

လူဆိုတာ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းနဲ့ နေရတာပါ။ ဒါပေမယ့် အဲဒီပတ်ဝန်းကျင်တို့ အသိုင်းဝိုင်းတို့ဆိုတာ အမြဲ ဂရုစိုက်နေဖို့ မလိုသလို သူတို့ စိတ်တိုင်းကျအောင်လည်း အမြဲ လိုက်လုပ်နေလို့ မဖြစ်ပြန်ဘူး။

သူစိမ်းလူတွေ မပြောနဲ့ ကိုယ့်အမျိုး ကိုယ့်မိသားစုထဲမှာတောင် ကိုယ့်အကြောင်း သေချာမသိတဲ့ လူတွေ ကိုယ့်အလုပ်ကို သေချာ နားမလည်တဲ့သူတွေ ကိုယ့်မေတ္တာ တန်ဖိုးမထားတဲ့သူတွေ တပုံကြီးပဲ။

ဖြတ်သန်းခဲ့ရတဲ့ ဘဝခြင်း မတူရင် ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာခြင်းကလည်း တူမှာ မဟုတ်ဘူး။ ကြည့်တဲ့ ရှုထောင့်ခြင်း မတူရင် မြင်တဲ့ အမြင်ခြင်းကလည်း တူမှာ မဟုတ်ပါဘူး။

ရည်ရွယ်ချက်ခြင်း မတူရင် တလမ်းထဲလည်း အတူတူ လျှောက်လို့ မရဘူး။ ရခဲ့တဲ့ ဒဏ်ရာခြင်း မတူရင် အတွင်းစိတ်ရဲ့ ခံစားချက်ဟာလည်း တူမှာ မဟုတ်ဘူး။

တကယ်တော့ ဘယ်နေရာမှာ ဖြစ်ဖြစ် သူကသူ ကိုယ်က ကိုယ်ပါပဲ။ ဒါကို ငါပြောသလို လုပ်၊ ငါထားသလိုနေ၊ ငါတွေးသလို တွေး၊ ငါပြောတာ နားထောင် ဆိုတာမျိုးက ဟိုအရင် ကလေးဘဝတုန်းကတော့ အဆင်ပြေရင် ပြေလိမ့်မယ်။

အခုနေ အရွယ်ရောက်လာတဲ့ အခါမျိုးမှာတော့ ဒီလို ဘောင်တွေ စည်းတွေနဲ့ ပုံစံခွက်ထဲ လာသွင်းကြတဲ့ အခါမှာတော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။

အဲဒီအခါမှာတော့ ဘေးပတ်ဝန်းကျင်နဲ့ အသိုင်းဝိုင်းက ပြောတဲ့ စကားတွေ သူတို့ရဲ့ ထင်မြင်ချက်တွေကို သိပ်ဂရုစိုက်နေလို့ မရတော့ဘူး။

ကိုယ်လုပ်စရာ ရှိတာ လုပ်ရတော့မယ်၊ ကိုယ့်လမ်းကို မှန်ကန်အောင် လျှောက်ရမှာပါ။ ကိုယ့်အိမ်မက်တွေ လက်တွေ့ ဖြစ်လာဖို့အတွက် ယုံကြည်မှုကို ကိုင်စွဲပြီး ရှေ့ကို ဆက်ကြိုးစား နေရမှာဘဲ။

ကဲ့ရဲ့ဝေဖန်ခြင်းတွေကို တုန့်ပြန်နေဖို့ မလိုသလို လူတိုင်း နားလည်လာအောင်လည်း လိုက်ပြီး ရှင်းပြနေဖို့ မလိုပါဘူး။ ကိုယ်ဘယ်လောက် ကောင်းအောင်နေနေ အပြစ်မြင်မယ့် လူတစုကတော့ တသက်လုံး အပြစ်မြင်နေမှာဘဲ။

ကိုယ်ဘယ်လောက် ရိုးသားနေပါစေ ကောက်ကျစ် ယုတ်မာစိတ် ရှိတဲ့သူတွေကတော့ ကိုယ့်ကို ဘယ်တော့မှ လူကောင်းလို့ ထင်မှာ မဟုတ်ဘူး။

ကိုယ်ဘယ်လောက် စေတနာထားထား အလကားရတိုင်း အလကား လိုချင်နေတဲ့ သူတွေကတော့ ကိုယ့်ကို ခပ်ပေါပေါလို့ တွက်ကြမှာဘဲ။

ကြာလာတော့ သူများ အမြင်မှာ ကောင်းဖို့ထက် ကိုယ်အစစ်အမှန် ကောင်းအောင်နေဖို့ဘဲ ပိုအာရုံ စိုက်ဖြစ်လာတယ်။ သူများက မှန်တယ်လို့ ထင်ဖို့ထက် ကိုယ် မမှားအောင်ဘဲ သတိထားပြီး လုပ်တော့တယ်။

ဘဝင်မြင့်နေတဲ့ လူတွေကြားမှာ ခပ်ရိုးရိုး ခပ်အေးအေးလေးဘဲ နေလိုက်ပြီး တယူသန် အငြင်းသန်တဲ့ သူတွေနဲ့တွေ့ရင်တော့ ကိုယ်ဘာမှ မသိသလို ခပ်ဆိတ်ဆိတ်လေး နေလိုက်တယ်။

အမှားတွေ ကြားမှာ အမှန်ဟာ ခါးလာပြီး အပေါ်ယံတွေ ကြားထဲမှာ အစစ်အမှန်တွေ ကျပျောက်လာတဲ့အခါ အကောင်းထက် အဆိုးမြင်နေတဲ့ လူတွေကြားမှာ ကိုယ် ဂရုမစိုက်ဘဲ နေတတ်လာတယ်။ လူတိုင်း ကြိုက်ဖို့မှ မလိုတာ၊ ကိုယ့်တန်ဖိုး ကိုယ်သိရင်တော့ ဒီလောက်ဆို တော်ပြီပေါ့။ CRD

Post a Comment

0 Comments