တခါတုန်းက ရှင်ဘုရင်တပါးမှာ ပထမဆုံး ရင်သွေးရတနာ မွေးဖွားလာတော့ ဝမ်းမြောက်ဂုဏ်ယူသည့် အထိမ်းအမှတ်ဖြင့် အနီးဝန်းကျင် တိုင်းပြည်များမှ ရှင်ဘုရင်များ၊ မြို့စားရွာစားနှင့် အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ဧည့်ခံပွဲကြီးတရပ်ကျင်းပရန် စီစဉ်သည်။
ဧည့်သည်တော်များအားလုံး အလျှံပယ် တည်ခင်း ကျွေးမွေးနိုင်ရန်အတွက် ဘုရင်မင်းမြတ်ကိုယ်တိုင် အနီးကပ် ကြီးကြပ်ကာ စောစောစီးစီး ကြိုတင် ချက်ပြုတ်စေသည်။
ငါးဟင်းလျာ တခုကိုသာ လတ်ဆတ်ချိုမြိန်မှု ရှိစေရန်အတွက် ပွဲတော်ကျင်းပမည့်ရက် မတိုင်မီနေ့တွင် ဖမ်း၍ရသည့် ငါးကိုမှ ချက်မည်ဟု ဆုံးဖြတ် စောင့်ဆိုင်းနေသည်။
သို့သော် ကံဆိုးချင်တော့ အဲဒီနေ့တွင် လေကြီးမိုးကြီးကျကာ ပင်လယ်သို့ မည်သူမျှ ငါးဖမ်းမထွက်နိုင်ဘဲ ရှိလေသည်။
နန်းတော်က တည်ခင်းသည့် ဧည့်ခံပွဲမှာ ငါးဟင်းလျာလေးတပွဲပင် မပါဘူးဆိုလျှင်တော့ အကြီးအကျယ် သိက္ခာကျတော့မည့်ဟု ရှင်ဘုရင်ကတွေးကာ စိတ်ဓာတ်ကျကာ မှိုင်တွေ၍ နေသည့်အခိုက် တံခါးမှူးက ဧည့်သည်တယောက် ရောက်လာကြောင်း လာရောက် အကြောင်းကြားသည်။
ဧည့်သည်က တံငါသည်။ ပိုက်ကွန်ကိုထမ်းလျက် ပိုက်ကွန်ထဲမှာ ဧရာမငါးကြီးတကောင်၊ ရှင်ဘုရင်ပွဲတော်အတွက် ငါးအရေးတကြီး လိုနေသည် ကြားသဖြင့် သူများ မထွက်ရဲသည့် ပင်လယ်ထဲ စွန့်စွန့်စားစားထွက်ကာ ငါးသွားရှာခဲ့ခြင်း ဖြစ်သည်။
ရှင်ဘုရင် ဝမ်းသားအံ့သြကာ စားဖိုမှူးအား ငါးဟင်းလျာ ချက်ပြုတ်ပြင်ဆင်စေဟု အမိန့်ပေးပြီးနောက် ဒီလောက်တော်သည့် တံငါသည်ကို ဆုတော်လာဘ်တော် ချီးမြှင့်ဦးမှဟု ဆိုကာ နှစ်သက်ရာဆုကို တောင်းစေသည်။
တံငါသည်က သူ့အား ကြိမ်ဒဏ်အချက်တရာ ချီးမြှင့်တော်မူပါဟု ဆိုသည့်အခါ ဘုရင် ဇဝေဇဝါ ဖြစ်သွားသည်။ နောက်တော့မှ အင်း သူ့ခမျာ ခေါင်းသိပ်မကောင်းရှာဘူး ထင်တယ်၊ ပြီးမှ ကြည့်စီစဉ်တာပေါ့။ လောလောဆယ်တော့ သူတောင်းတာ ပေးရမှာပဲ ဟု တွေးကာ လက်မရွံ့ ကြိမ်ဆရာအား နာအောင်မရိုက်နဲ့ ဟု ညွန်ကြားပြီး ကြိမ်ဒဏ်ဆုကို ချီးမြှင့်၏။
ကြိမ်ဆရာက ကြိမ်ဒဏ် အချက်တရာဆုကို ခပ်သာသာ ချီးမြှင့်၍ အချက်ငါးဆယ် အရောက်တွင် တံငါသည်က ခဏရပ်ပါဦး ဆိုသဖြင့် ရပ်ပေးရသည်။ တံငါသည်က
"ကျနော်က ငါးဆယ်ဆို တော်ပါပြီ၊ ကျန်တဲ့ ငါးဆယ်ကို နန်းတော်စောင့် တံခါးမှူးကို ပေးပါ့မယ်လို့ ကတိပေးထားတာ ရှိလို့ သူ့ကိုပဲ ဆက်ရိုက်ပါ" ဟု ဆိုသည့်အခါ ကြိမ်ဆရာ နားမလည်နိုင်ဖြစ်ကာ ရှင့်ဘုရင့်ထံ ပြေး၍ တင်ပြသည်။
ရှင်ဘုရင်က လိုက်လာပြီး တံငါသည်အား မေးတော့ တံငါသည်က သူဟာ ပင်လယ်ထဲ ထွက်ဖမ်းပြီး ငါးရ၍ နန်းတော်သို့ ပို့ရန် အလာ နန်းတော်မှာ ငါးအသည်းအသန် လိုနေတာ သိသော တံခါးမှူးက ဂိတ်ဝမှဆီး၍ တားထားကြောင်း။
ရှင့်ဘုရင့်ထံမှ ရမည့် ဆုလာဘ်ကို သူ့အား တဝက်ခွဲပေးမှ နန်းတော်ပေါ် တက်ခွင့်ပြုမည် ဆိုသဖြင့် ပေးပါမည်ဟု ကတိပေးခဲ့ကြောင်း။ ယခု ထိုကတိအတိုင်း ကြိမ်ဒဏ်အချက် ငါးဆယ်ကို တံခါးမှူးအား ချီးမြှင့်ပေးပါရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း ရှင်းလင်း လျှောက်ထားသည်။
ထိုအခါ ရှင်ဘုရင်က ကောင်းကောင်း သဘောပေါက်သွားကာ တံခါးမှူးအား ကြိမ်ဒဏ် အချက်ငါးဆယ်ကို ပြည့်ပြည့်ဝဝကြီး ချီးမြှင့်ရန် ကြိမ်ဆရာကို ညွန်ကြားပြီး ကြိမ်ဒဏ် ခံယူအပြီးတွင် ရာထူးမှ ဖယ်ရှားလိုက်သည်။
တံငါသည်ကိုမူ ဆုတော်ငွေ ထိုက်တန်စွာ ချီးမြှင့်ပြီး ပွဲတော်ကြီးတွင်လည်း အထူးဧည့်သည်တော်တဦးအနေဖြင့် ဆင်နွှဲသုံးဆောင် စေခဲ့လေသည်။
သည်ပုံပြင်လေးကိုဖတ်ကာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားသူကဘယ်လိုကောက်ချက်မျိုးတွေ ချမည်လဲ၊ကျွန်တော် တွေးမိသည်။ ကိုးကား – ဆရာဖေမြင့်၏ (တန်ဖိုးထားအပ်သော အရာများ)စာအုပ်မှ ) Credit – Argyi
0 Comments