တခါတုန်းက ကလျာဏကဋကရွာမှာ ဘေရဝဆိုတဲ့ မုဆိုးတယောက် ရှိခဲ့တယ်။ တနေ့တော့ မုဆိုးဟာ ဝိန္ဒျာဋဝီတောအုပ်ထဲသားကောင် လှည့်လည်ရှာဖွေရင်း သမင်တကောင်ကို တွေ့တော့ ပစ်လိုက်တယ်။
သမင်ကို ပစ်ပြီး သမင်သေကို ထမ်းပြီး ပြန်လာစဉ် လမ်းမှာတောဝက်ကြီး တကောင်ကို တွေ့တာနဲ့ သမင်သေကို အောက်ချပြီး တောဝက်ကြီးကို မြားနဲ့ပစ်တယ်။
မြားမှန်သွားတဲ့ တောဝက်ဟာ မုဆိုးဆီ တဟုန်ထိုး ပြေးလာပြီး ပက်လိုက်ကာ ဝှေးစေ့ကို အပက်ခံရပြီး မုဆိုးကြီးခမျာ အမြစ်ကကော်လဲတဲ့ သစ်ပင်လို လဲကျသေဆုံး သွားတော့တယ်။
ရေ၊ မီး၊ အဆိပ်၊ လက်နက်၊ ငတ်မွတ်ခြင်း၊ အနာရောဂါ၊ တောင်ပေါ်မှကျခြင်း ဆိုတဲ့ သေခြင်းအကြောင်းတရား တို့တွင် တခုခုသော သေကြောင်း ကြုံတွေ့တဲ့အခါ သတ္တဝါတွေဟာ သေကြေပျက်စီး ကြရတယ်။
တိုက်ခိုက်မှုကြောင့် တောဝက်ရော မုဆိုးပါ သေဆုံးသွားတဲ့ အပြင် တောဝက်နဲ့ မုဆိုးတို့ရဲ့ ခြေထောက်တွေနဲ့ နင်းမိပြီး မြွေတကောင်ပါ အဆစ် သေသွားရတယ်။
ထိုအချိန်မှာပဲ ဒီဃာရဝ အမည်ရှိတဲ့ မြေခွေးတကောင်ဟာ အစာရှာ ထွက်လာရင်း မုဆိုး တောဝက် သမင် မြွေဆိုတဲ့ အသေကောင် လေးဦးကို တွေ့ပြီး စိတ်ထဲကနေ တွေးတယ်။
"ဒီနေ့ ငါ တော်တော် ကံကောင်းတာပဲ။ အစားအစာတွေ အများကြီးကို ငါရတာပဲ"
ဆင်းရဲဒုက္ခတွေဟာ မမျှော်လင့်ပဲ ရောက်လာတတ်ကြသလို၊ ချမ်းသာသုခတွေ ဟာလည်း မမျှော်လင့်ပဲ ရောက်လာတတ် ကြတယ်။
ဒီလို ဆင်းရဲချမ်းသာ ဖြစ်ပေါ်လာတာဟာ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှု မကောင်းမှု ကံကြောင့်သာလျှင် အဓိက အကြောင်းလို့ ထင်မိပါတယ်။
"ဒီအစာအာဟာရတွေနဲ့ ငါ ငါးလလောက် ချမ်းချမ်းသာသာ အေးအေးဆေးဆေး စားသောက်နေလို့ ရတယ်။ မုဆိုးက တလစာ လုံလောက်တယ်။
သမင်နှင့် ဝက်သေကောင်က သုံးလစာ လုံလောက်တယ်။ မြွေသေကောင်ကတော့ တရက်စာ လုံလောက်တယ်။ ဒီနေ့တော့ ချွေတာတဲ့ အနေနဲ့ လေးညို့သားရေကိုသာ စားသင့်တယ်"
မြေခွေးဟာ အဲဒီလို ကြံပြီး လေးညို့ကြိုးကို စားမလို့ ကိုက်ဖြတ်လိုက်တဲ့အခါ ကြိုးပြတ်ပြီး လေးကိုင်းက ရင်ဝကို ရိုက်မိကာ နေရာတွင် ပွဲချင်းပြီး သေသွားလေတော့သတည်း။
ပစ္စည်းဥစ္စာကို အမြဲတမ်း ရှာဖွေ စုဆောင်းသင့်တယ်။ ဒါပေမဲ့ လွန်လွန်ကဲကဲ မစုဆောင်းသင့် ပါဘူး။ လွန်လွန်ကဲကဲ ချွေတာစုဆောင်းမိလို့ ဒီဃာရဝ ဆိုတဲ့ မြေခွေးဟာ မုဆိုးရဲ့ လေးကိုင်းရိုက်ချက်ကြောင့် အသက်ထွက်ခဲ့ရဖူးပါတယ်။ လင်းထက်သာ
0 Comments