ဘယ်သူက အပျိုစစ်လဲ

ကျမနဲ့ သူက ချစ်သူတွေပါ။ လက်ဖက်ရည် ကြိုက်တတ်တဲ့ ကျမဟာ ဆိုင်မှာ ပူပူလေး ထိုင်သောက်ရ တာကို နှစ်သက် ပါတယ်။ အဲဒီအခါ သူပြောလေ့ ရှိတာကတော့ "မင်းကွာ အပျိုလေး တန်မဲ့ ဆိုင်ထိုင်ရသလား" တဲ့။ ကျွန်မ အော်ရယ်ပစ် လိုက်တယ်။ လူတွေ အများကြီး ရှေ့မှာပါပဲ။

ဆိုင်ထိုင်ဖို့ ရာကို သင့်တော်တယ် ဆိုတဲ့ ဆိုင်မှာ ရိုးသားတဲ့အရည်ကို ရိုးသားစွာ သောက်နေတာ ပါရှင်။ ဒါပေမဲ့ မဖြေရှင်းတော့ ပါဘူး။

ကိုယ်မှန်တယ် ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့ လမ်းကို ဖြောင့်အောင် လျှောက်တတ်တာ ကျမ အကျင့်ကိုး။ ဟော ထပ်ပြောပြန်ပြီ။ "မင်းကွာ အပျိုလေး ဖြစ်ပြီး ရယ်တာကြီးကိုက" တဲ့။ ထုံးစံအတိုင်း ကျမ မဖြေရှင်း ပါဘူး။

စာရင်းကိုင်တယောက် ဖြစ်တဲ့ ကျွန်မဟာ တခါတရံ အလုပ်များ ပါတယ်။ အဲဒီအခါ အိမ်ပြန် နောက်ကျတတ်တဲ့ ကျမကို "မင်းကွာ အပျိုဆိုတာ အိမ်ပြန် သိပ် မိုးမချုပ် သင့်ဘူး" တဲ့။ ဒီလို ဒီလိုနဲ့ပဲ ချစ်သူဘဝကို ဖြတ်သန်းခဲ့ပြီးတော့ သူလည်း နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်သွားပြီပေါ့။

သူ နိုင်ငံခြား သွားလို့ သိပ်မကြာခင်မှာပဲ ကျမ တပည့်တယောက် ရခဲ့တယ်။ နာမည်က ချောချောတဲ့။ ကောင်မလေးရဲ့ မျက်နှာမှာ အထင်ရှားဆုံး ကတော့ ပါးနှစ်ဘက် လုံးမှာ ပါတဲ့ ပါးချိုင့်ပါပဲ။ LCCI (3) ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့။

စာမေးပွဲ ဖြေဖို့ နီးကပ်လာတဲ့ တနေ့မှာ မအောင်မှာ စိုးတဲ့ ကျမ စာပြဖို့ စောစောအရောက် ချောချော ဆေးရုံတင်ထားရတယ်လို့ ပြောတာနဲ့ ဆေးရုံကို လိုက်သွားမိတယ်။

ကိုယ်ဝန် (၂) လ ရှိတာ သိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေး သောက်တာတဲ့။ လူဦးလို့ ပေါ့။ မသေကောင်း မပျောက်ကောင်းရှင်။ ကျွမလည်း အားပေးစကား ပြောပြီး အိမ်ပြန်လာ ခဲ့တယ်။ ကျမစိတ်ထဲ မရှင်းဘူးရှင်။

ကျမ သိသလောက်တော့ ချောချောဟာ အိမ်သားတွေ မပါဘဲ အပြင် မထွက်တတ်ဘူးရှင့်။ ရော် ဘာတွေလဲ ကွယ်။ အဲဒီနေ့ ကတည်းက စကားပြောရင် ဖြေးညှင်းစွာ၊ ရယ်ရင်လည်း တိုးတိုးလေး ရယ်တတ်တဲ့ ပါးချိုင့် နှစ်ဘက်နဲ့ ချောချောကို နောက်ထပ် မတွေ့ရတော့ ပါဘူး။

အချိန်တွေ ကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာ တစောင်နဲ့ စာအိတ်တလုံးကို ကျမရခဲ့တယ်။ ဖိတ်စာ ကတော့ ကျမရဲ့ တယောက်ထဲ ရှိခဲ့သော ချစ်သူရဲ့ မင်္ဂလာဆောင် ဖိတ်စာပေါ့။ ဆက်ဆက် လာပါတဲ့။

သွေးကြောင်ရင် ဘေးချောင်မှာ ရပ်နေမှာပေါ့။ ကျမ ဆက်ဆက် သွားမှာပါ။ စာအိတ် ကလည်း သူရေးထားတဲ့ စာပါပဲ။ ဆက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ ထင်တာနဲ့ ဒီတိုင်းပဲ ပစ်ထားလိုက်တယ်။

မင်္ဂလာဆောင် ရက်မှာ အသဲမကွဲဘူးဟေ့ လို့ ပြချင်တဲ့ ကျမ အလှဆုံးကို ပြင်ပစ်လိုက်တယ်။ အချစ်ဦးနဲ့ လွဲရပေမဲ့ အချစ်ဆုံးနဲ့ ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင်။ အချစ် မပါဘဲ ဘဝကို အောင်မြင်အောင် တည်ဆောက်ခဲ့တဲ့ သူတွေမှ အများကြီးပါ။

ဟော လာနေပြီ မင်္ဂလာမောင်နှံ။ သူရွေးတဲ့ သတိုးသမီးကို သေသေချာချာ ကြည့်မှ ပါးချိုင့်။ သတိုးသမီး မျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့်။ ချောချော သြော် သတိုးသမီးက ချောချော ကိုး။

အိမ်ပြန်ရောက် တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူးလို့ ထင်ပြီး ပစ်ထားတဲ့ သူ့ရဲ့ စာကို ချက်ချင်း ဖွင့်ကြည့်မိတယ်။ စာထဲပါတာကတော့။

"ငါပြန်လာတာ နင့်ကို အသိမပေးတာက အိမ်ထောင်ပြုတော့မှာ မို့ပဲ။ အိမ်က ရှာပေးတာ။ ငါလည်း နှစ်သက်တယ်။ သူ့မှာ ငါကြိုက်တဲ့ အပျိုစင် အချက်တွေ ရှိပါတယ်" တဲ့ရှင်။

ကျမ ဒီစာကို မှန်ဘောင် သွင်းပြီး ရွှေကွပ်ထားလိုက် ချင်မိတယ်။ ကျမကို တသက်လုံး ရယ်နေအောင် လုပ်ပေးမဲ့ ဟာသစစ်စစ် တပုဒ် အနေနဲ့ပေါ့။

ကျမလေ ဝတ္တု မရေးတတ်လို့ပါ။ ရေးများ ရေးတတ်ရင်ဖြင့် ဝတ္တုခေါင်းစဉ်ကို "ဘယ်သူ အပျိုစစ်ပါသလဲ" လို့ ပေးမိမှာပါပဲ။ Crd

Post a Comment

0 Comments