လူနှစ်ယောက်ဟာ ကန်ကြီးတကန်ရဲ့ ကမ်းစပ်မှာ ထိုင်ကြရင်း ငါးမျှားနေကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ ငါးကြီးကြီးရရင် အိမ်မှာ ညစာအတွက် ဟင်းချက်စားဖို့ စိတ်ကူးထား ကြတယ်။
သူတို့ ငါးစများကြလို့ ၁၀ မိနစ် အကြာမှာ ပထမလူဟာ ငါးကြီးကြီးတကောင်ကို မျှားလို့ ရသွားတယ်။ သူဟာ ငါးကြီးကို ငါးမျှားချိတ်က ဖြုတ်ပြီး ပါလာတဲ့ ရေထည့်ထားတဲ့ ဘူးကြီးထဲ ထည့်လိုက်တယ်။
သူဟာ နောက်ထပ် ငါးသေးလေးတွေ အများကြီး ထပ်ရလို့ ရေဘူးထဲမှာ ထည့်ထားလိုက်တယ်။ သူဟာ အချိန်အနည်းငယ်အတွင်း ငါးတွေ အများကြီး ဖမ်းမိလိုက်လို့ ပျော်နေတယ်။ ညစာအတွက် ငါးတွေ လုံလောက်ပြီ ဆိုပြီးလည်း ကျေနပ်နေတယ်။
သူနဲ့ မလှမ်းမကမ်းမှာ ငါးထိုင်မျှားနေတဲ့ ဒုတိယလူဟာ အခုချိန်ထိ ငါးတကောင်မှ မရသေးဘူး။ ပထမလူက သူ့ကို ဘာအကူအညီ ပေးရမလဲလို့ မေးလိုက်တယ်။ ဒုတိယလူက အကူအညီ မလိုပါဘူးလို့ စိတ်တိုတဲ့ လေသံနဲ့ ပြန်ပြောတယ်။
သူပြောလိုက်ပြီး မကြာခင်မှာပဲ ငါးအကြီးကြီးတကောင် သူ့ငါးမျှားချိတ်မှာ လာဟပ်လို့ အဲဒီငါးကြီးကို ရလိုက်တယ်။ သူဟာ ငါးကြီးကို ငါးမျှားချိတ်က ဖြုတ်ပြီး ရေထဲကို ပစ်ချပြီး ပြန်လွှတ်လိုက်တယ်။
သူဟာ နောက်ထပ် ငါးကြီးတွေ တကောင်ပြီးတကောင်ကို မျှားလို့ ရပြန်တယ်။ ရသမျှ ငါးကြီးတွေကို ရေထဲကို ပစ်ချပြီး ပြန်လွှတ်ပေးနေတယ်။ အဲဒါကို မြင်တွေ့ပြီး နားမလည်တဲ့ ပထမလူက သူ့ကို ပြောလိုက်တယ်။
"ခင်ဗျား ဘာလို့ ငါးတွေကို ပြန်လွှတ်လိုက်တာလဲဗျ။ ငါးတွေက အကြီးကြီးတွေပဲဟာ"
ဒုတိယလူက ပြန်ဖြေတယ်။ "ဟုတ်ပါတယ်။ ငါးတွေက အကြီးကြီးတွေမို့ ပြန်လွှတ်လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်အိမ်က ဒယ်ပြားဟာ သေးနေတော့ ငါးကြီးကြီး ထည့်ကြော်မရလို့ပါ"
ပထမလူက ငါးကြီးတွေကို အတုံးတွေ တုံးပြီး ဒယ်ပြားသေးသေးမှာ ကြော်လို့ ရပါတယ်လို့ ရှင်းပြတယ်။ ဒါပေမဲ့ ဒုတိယလူဟာ သူ့စကားကို နားမထောင်ဘဲ ငါးဆက်မျှားနေတယ်။ ငါးကြီးရရင် ရေထဲကို ပြန်လွှတ်နေတယ်။
မိတ်ဆွေတို့က ဒါလေးကို ဟာသပုံပြင်လို့ မှတ်ချင်မှတ်ပါမယ်။ မဖြစ်နိုင်ဘူးလို့လည်း ပြောချင်ပြောနေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ လူအများစုဟာ ဒုတိယလူလို ဖြစ်နေကြတယ် ဆိုတာကိုရော တွေးမိကြပါရဲ့လား။
အဲဒါက ဒီလိုပါ။ ကျွန်တော်တို့ဘဝမှာ ကြီးပွားအောင်မြင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာတတ်တယ်။ ဒါပေမဲ့ မိမိလိုချင်တာကိုပဲ အာရုံထားနေတဲ့အတွက် ပေါ်လာတဲ့ အခွင့်အလမ်းတွေကို မမြင်ကြဘူး။ မြင်ရင်လည်း ဖမ်းဆုပ် မယူတတ်ကြဘူး။
မိမိလိုချင်တာကို အတိအကျရဖို့ကိုပဲ စောင့်နေလို့ကတော့ တသက်လုံး စောင့်နေလည်း ပေါ်လာမှာ မဟုတ်ပါဘူး။ ပေါ်လာတဲ့ အခွင့်အလမ်းကို အမိအရ ဖမ်းယူဆုပ်ပြီး မိမိအတွက် အသုံးချတတ်ဖို့ အရေးကြီးပါတယ်။ Bamaw Thein Pe
0 Comments