ရှေးအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းစိုးစံစဉ် အချိန်ကပေါ့။ ဘုရားလောင်းဟာ ကုန်သည်မျိုးရိုးမှာ ရှိခဲ့သတဲ့။ အဲဒီအချိန်က ရွာတရွာမှာ သူကြွယ်သူဌေးတယောက်က ရသေ့တပါးကို ကျောင်းဆောက်ပြီး လှူဒါန်းထားသတဲ့။
သူကြွယ်သူဌေးဟာ ရသေ့နေထိုင်တဲ့ ကျောင်းအောက်မှာ ရွှေစင်နိက္ခတရာကို မြေတူးပြီး မြှုပ်ထားသတဲ့ကွယ်။
"ရှင်ရသေ့ဘုရား၊ ကျောင်းအောက်မှာ မြှုပ်ထားတဲ့ ရွှေစင်နိက္ခတရာကိုလည်း စောင့်ရှောက်ပေးပါ"
"အို ဒကာတော်၊ ရသေ့ရဟန်းတို့ကို ဥစ္စာနဲ့ ပတ်သက်လို့ ဤသို့ မလျှောက်ရာ။ ငါတို့သည် သူတပါးဥစ္စာကို မက်မောခြင်း မရှိ"
မကြာမီ ရသေ့ဟာ မြေထဲမှ ရွှေများဖြင့် ငါ့ဘဝကို ပြောင်းရမယ်လို့ အတွေးရှိပြီး ကျောင်းအောက်မှ ရွှေတွေကို လမ်းခရီးတဝက် တနေရာမှာ သွားရောက် မြှုပ်နှံလိုက်တယ်။ ပြီးတော့ ကျောင်းဒကာသူကြွယ်ကို ပြောသတဲ့။
"ဒကာကြီး၊ ဒကာကြီးကျောင်းမှာ တရားကျင့်နိုင်ပေမယ့် ရွာမှာ ငါ့အမိမယ်တော်ကြီး နေမကောင်းဘူး ပြောလို့ ရွာကို ပြန်ရဦးမယ်"
"တပည့်တော် တားပါရစေ ဘုရား၊ ရွာကို လူလွှတ်ပြီး မယ်တော်ကြီးကို ခေါ်ပေးပါ့မယ်"
"မဖြစ်ဘူး ဒကာကြီး၊ ကျုပ် အခုပဲ ခရီးထွက် ရပါမယ်"
သူကြွယ်သူဌေးဟာ တားမရတဲ့အဆုံး ရသေ့ကို ရွာထိပ်အထိ လိုက်ပို့ပေး လိုက်တော့တယ်။ မကြာမီ သူကြွယ်သူဌေးအိမ်ကို ရသေ့ ပြန်လာတာကို တွေ့လိုက်ရတော့ သူဌေးကြီးက မေးတော့တာပေါ့။
"အရှင်ဘုရား ဘာဖြစ်လို့ ပြန်လာတာတုန်း ဘုရား"
သူဌေးကြီးက အံ့သြစွာ မေးလိုက်တော့ ရသေ့ကြီးက ခေါင်းပေါ်က ဆံပင်မှာ ထိုးလာတဲ့ မြက်တပင်ကို ဆွဲယူပြီး
"ဒါယကာ သင့်အိမ်အမိုးပေါ်က မြက်တပင်ဟာ ငါ့ခေါင်းထက်က ဆံကျစ်ပေါ်မှာ ငြိပါလာတယ်။ မတော်တဆ သူများပစ္စည်း ပါလာတော့ ရသေ့ကျင့်စဉ်နဲ့ မအပ်စပ်လို့ ပြန်လာပို့ပေးတာပါ"
ရသေ့ရဲ့ ပြောစကားကြောင့် သူကြွယ်သူဌေးကြီးက ပိုပြီးကြည်ညိုသွားတာပေါ့။ အဲဒီအချိန်မှာ သူကြွယ်ကြီးအိမ်မှာ ကုန်သည်အဖြစ်နဲ့ ရောက်နေတဲ့ ဘုရားလောင်းလူငယ်က ရသေ့ပြောစကားကြောင့် စဉ်းစားနေရပြီပေါ့။
ရသေ့နှင့် သူကြွယ်ကြီးတို့ တန်ဖိုးရှိ ပစ္စည်းတခုခု ဆက်နွယ်နေလိမ့်မယ်လို့ တွေးမိသွားတယ်။ လျှို့ဝှက်မှု ရှိရမယ်လို့ သုံးသပ်တာပေါ့။
ရသေ့ကြီး ထွက်သွားတော့ ဘုရားလောင်းကုန်သည်က သူဌေးကြီးကို မေးလိုက်တယ်။
"သူဌေးကြီး ရသေ့ထံမှာ တန်ဖိုးရှိပစ္စည်း အပ်ထားတာရှိသလား"
"ရသေ့ရဲ့ ကျောင်းအောက်မှာ ရွှေစင်နက္ခတရာ မြှုပ်ထားတာကိုတော့ စောင့်ကြည့်ဖို့ အပ်မိပါတယ်"
"ကဲ ဒါဖြင့် ရသေ့ကျောင်းအောက်ကို သွားကြည့်ကြစို့"
သူကြွယ်သူဌေးကြီးနဲ့ ဘုရားလောင်း ကုန်သည်တို့ဟာ ရသေ့နေခဲ့တဲ့ ကျောင်းအောက် ရွှေမြှုပ်ထားတဲ့ နေရာကို သွားကြည့်ကြတော့ ရွှေတွေက မရှိတော့ဘူး။ ရွှေတွေ ပျောက်နေပြီလေ။
"ကျုပ်က သူ မြက်ပင်ကို တကူးတက လာပြန်ပေးကတည်းက မသင်္ကာဖြစ်နေတာ သူကြွယ်ကြီးရဲ့။ ရွှေတွေကို ယူသွားတာ ရသေ့ကြီးပဲ ဖြစ်မယ်။ အမြန်လိုက်ကြစို့"
သူကြွယ်သူဌေးကြီးနဲ့ ဘုရားလောင်းကုန်သည်တို့ဟာ ရသေ့နောက်ကို တပည့်တွေနဲ့ အမြန်လိုက်သွားသတဲ့။ လမ်းခရီးမှာပဲ ရသေ့ကိုတွေ့ပြီး ရွှေတွေကို ပြန်ယူနိုင်ခဲ့တယ်။
တပည့်တွေကတော့ ရသေ့ကို ရိုက်ပုတ်ကြတာပေါ့။ ဒါပေမယ့် သူဌေးကြီးတို့က ပစ္စည်းရပြီမို့ ရသေ့ကို သွားလိုရာ သွားခွင့်ပေးလိုက်တယ်။
တကယ်တော့ သူကြွယ်သူဌေးကြီးဟာ ရွှေတွေကို လက်လွတ်တော့မလို့ နဲနဲလေးပဲ လိုတော့တာပါ။ ရသေ့က အယောင်ဆောင်တတ်ပြီး ဟိတ်ဟန်ကောင်းပေမယ့် သတိပြုတတ်သူနဲ့ တွေ့တော့ အမှန်တရားကို ဖော်ထုတ်ရသွားတာပေါ့။
(ကုဟကဇာတ်) ကြည်ဇော်၏ "အာဇာနည်တို့စွမ်းရည်" ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။ phoomyatchal
0 Comments