တခါတုန်းက သိုးငယ်တကောင်ကို မြိန်ရည်ယှက်ရည် စားပြီးတဲ့ အချိန်မှာတော့ ဝံပုလွေ ငစဉ်းလဲဟာ သက်ပြင်းကိုချ၊ နှုတ်ခမ်းကို သပ်ပြီးတော့ "ဒီသိုးတွေကို တကြိမ် တကောင်နှုန်းနဲ့ ငါဖမ်းစားလာခဲ့တာ ကြာနေပြီ။
နောက်ဆို အများအမြင် သင့်တော်အောင် အကြောင်းပြချက် တစ်ခုခုရှာ ပြီး ဖမ်းစားမှ ကောင်းတော့မယ်" လို့ စဉ်းစားမိလိုက်တယ်။
ရက်အတန် ကြာတဲ့အခါ ဝံပုလွေဟာ သိုးငယ်တကောင်နဲ့ မြစ်ကမ်း နဘေးတခုမှာ သွားဆုံကြတယ်။ ဝံပုလွေက "ဟေး မင်း ဒီနေရာမှာ ဘာလာလုပ်တာလဲကွ" လို့ ပြောလိုက်တယ်။ သိုးငယ်က "ရေလာသောက်တာပါ ခင်ဗျာ" လို့ ဖြေလေတယ်။
ဒီတော့ ဝံပုလွေက "ရေလာသောက်တယ် ဟုတ်စ။ ဒီမြစ်ထဲမှာ ရေလာသောက်ရင် မြစ်ရေတွေ အားလုံး နောက်ကျိကုန်မှာ မင်း နားမလည်ဘူးလား။
ဒီနားတဝိုက်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိလူတွေရော သတ္တဝါတွေရော ဒီနောက်ကျိနေတဲ့ ရေကိုသောက်မိရင် အကုန် ရောဂါတွေရကုန်ပြီး ဒုက္ခ ရောက်ကုန် ကြလိမ့်မယ်။
ဒါတင်မကသေးဘူး။ ဒီမြစ်ထဲက မသန့်ရှင်းတဲ့ ရေတွေ ပင်လယ်ထဲအထိ စီးဝင်သွားမယ်ဆိုရင် ကမ္ဘာလောက တခုလုံးမှာ ရှိတဲ့ သက်ရှိသတ္တဝါတွေ အကုန်လုံး ကိုယ်ကျိုး နည်းကုန်တော့မှာပဲ။ မင်းက စကြဝဠာကြီး တခုလုံး ပျက်စီးသွားအောင် လုပ်ချင်နေတဲ့ ကောင်ပါလားကွ ဟေ" လို့ ပြောလိုက်တယ်။
ဒီလို ဝံပုလွေ ငစဉ်းလဲရဲ့ စွပ်စွဲတာကို ခံလိုက်ရတော့ သိုးငယ်လည်း ရုတ်တရက် အံ့သြမင်သက် မိသွားတယ်။ ခဏကြာ စဉ်းစားပြီးတော့ သိုးငယ်က "ကျနော် တိရစ္ဆာန် ဆရာဝန်နဲ့ သေချာစစ်ဆေး ပြီးပါပြီ။ ကျနော့်မှာ ဘာရောဂါမှ မရှိဘူးတဲ့ဗျ"
ဒီတော့ ဝံပုလွေ က မာန်ဖီဟိန်းလိုက်ပြီး "ဘာပြောတယ် မင်းမှာ ဘာရောဂါမှ မရှိဘူး ဟုတ်လား။ ဒါဆို မင်း မိဘတွေ မှာရော မရှိနိုင်ဘူးလား။ အိုကွာ ကုန်ကုန်ပြောရရင် မင်းမိဘမှာ မရှိတောင် မင်းဘိုးဘေးဘီဘင်တွေ မှာတော့ ရောဂါရှိနေမှာ အသေအချာဘဲ။
မင်းဘယ်လောက်ဘဲ ဆရာဝန်နဲ့ ပြထားတယ်ဘဲပြောပြော ဘာမှ အသုံးမဝင် မထိရောက်ဘူး။ ဆရာဝန်ရဲ့ အနုကြည့် မှန်ပြောင်းတွေ ကရော ဘယ်လောက်ကောင်းတယ်လို့ တာဝန်ယူနိုင်လို့လဲ။ မင်းက ဆရာဝန်နဲ့ ပူးပေါင်းပြီး ရောဂါမရှိပါဘူးလို့ရော လိမ်မပြောနိုင်ဘူးလား" လို့ တရဆက် ပြောလိုက်တယ်။
ဒီတော့ သိုးငယ်လည်း ဝံပုလွေငစဉ်းလဲရဲ့ အကြံကို ရိပ်စားမိလာပြီး "ကျနော် ဒီမြစ်ရေတွေကို မသောက်တော့ ပါဘူးဗျာ" လို့ပြောပြီး တချိုးထဲ ထွက်ပြေး လေတော့တယ်။ မြေခွေးက "ရပ်" လို့ အသံကုန် အော်လိုက်ပြီး သိုးငယ်ကို ခုန်အုပ် လိုက်လေတော့တယ်။
ပြီးတော့ "မင်းက ရေကို လုံးဝ မသောက်တော့ဘူး ဆိုပေမယ့် မင်းအခုလို ထွက်ပြေးတော့ မင်းမိဘ၊ ဘိုးဘေးဘီဘင်တွေ ကနေ ကူးလာတဲ့ ရောဂါပိုးတွေက ပြေးလမ်းတလျှောက် လေထဲမှာ ပျံ့နှံ့ကုန်ပြီး လေထုတွေ ညစ်ညမ်းစေကုန်တော့မှာ မင်းမစိုးရိမ်ဘူးလား။ ဒီနေ့ မင်းကို ငါမှ ဖမ်းပြီး မစားရင်တော့ မဖြစ်တော့ပါဘူး" လို့ ပြောလေတယ်။
ဒီတော့ သနားစရာ သိုးငယ်လည်း "ကျနော့် အသက်ကို ချမ်းသာပေးပါဗျာ။ ခင်ဗျားသာ ကျနော့်ကို ဖမ်းစားမယ်ဆိုရင် ခင်ဗျားမှာ ရောဂါတွေ ကူးစက်ပြီး သေရမှာ စိုးမိတယ်ဗျ" လို့ ပြောရှာတယ်။
ထိုအခါ ဝံပုလွေလည်း မာန်တချက် ဖီလိုက်ပြီး "ငါသေရင် သေသွားပါစေ။ ကမ္ဘာကြီးမှာ နေနေကြတဲ့ သက်ရှိတွေ အားလုံး မသေစေဘို့ ငါ့အသက်ကို မငဲ့ကွက်ဘဲ မင်းကို ငါစားရလိမ့်မယ်" လို့ ပြောပြီး သိုးငယ်ကို ချမ်းသာမပေးဘဲ ဖမ်းစားလိုက်လေတော့တယ်။
အပြစ်ရှာချင်သူတွေ အတွက် ဘယ်လိုဘဲ တောင်းပန် ဖြေရှင်းပေမယ့် ထိရောက်မှု မရှိနိုင်ပါဘူး။ ဘယ်လိုဘဲ ရှောင်ထွက်ထွက်၊ ဘယ်လိုဘဲ အကြောင်းပြချက်တွေ ပေးပေး သူတို့ စက်ကွင်းကနေ မလွတ်နိုင်ဘူး ဆိုတာကို သာဓက ပေးထားတာ ဖြစ်ပါတယ်။ မြသွေးနီ
0 Comments