ဆံပင်တွေ ညှိနေတာ၊ ဆံပင်တွေ အပိုင်းလိုက်ပြတ်နေတာတွေက မိန်းကလေးတိုင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဆံပင်မညှိဖို့၊ ဆံပင်တွေ မရှုပ်ထွေးနေဖို့အတွက် အချိန်အနည်းငယ်သာ ပေးဖို့ လိုအပ်ပါတယ်။
၁။ ဆံပင်ကို အပိုင်းတွေ ခွဲပြီး ဖြီးပါ။
ခေါင်းဖြီးတဲ့အခါမှာ အရင်းကနေ အဖျားအထိ တစ်ဆက်တည်း မဖြီးချလိုက်ပါနဲ့။ အဲဒီအခါ ဆံပင်တွေ ပိုကျွတ်ပြီး ဆံပင်ငြိလာပါတယ်။ ဆံပင်ကို အပိုင်းလေးတွေ ခွဲပြီး ဖြီးပါ။ ဆံပင်မကြာခဏငြိတတ်သူဆိုရင် အသွားကြဲတဲ့ခေါင်းဘီးကို ရွေးချယ်သင့်ပါတယ်။
၂။ ဆံပင်ကို အောက်ခြေကနေ အပေါ်သို့ ဖြီးပါ။
မိန်းကလေးအများစုက ခေါင်းဖြီးတဲ့အခါ အရင်းကနေ စပြီးတတ်ပါတယ်။ အဲဒီအခါ ဆံပင်တွေက ပိုရှုပ်ထွေးလာပါတယ်။ ဒီလိုမဖြစ်ရအောင် ခေါင်းဖြီးတဲ့အခါ အဖျားကနေ တဖြည်းဖြည်းချင်း အရင်းထိ ရောက်အောင် ဖြီးသွားပါ။ အဲဒီအခါ ခေါင်းဖြီးရတာ မနာတော့ဘဲ ဆံပင်ကျွတ်တာလည်း သက်သာလာမှာပါ။
၃။ ခေါင်းလျှော်တဲ့အချိန်မှာ ဦးရေပြားကို နှိပ်နယ်ပေးပါ။
ခေါင်းလျှော်တဲ့အခါ လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ခေါင်းလျှော်ရည်ကို ဆံပင်အဖျားနဲ့ ဆံပင်ရဲ့အလယ်ကိုပဲ ထည့်မလျှော်သင့်ပါဘူး။
အဲဒီအခါ ဆံသားက ပိုပြီးခြောက်သွေ့ပါတယ်။ ခေါင်းလျှော်ပေးရင်းနဲ့ ဦးရေပြားကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုအားကောင်းစေပြီး ဆံပင်တွေလည်း သန်လာပါတယ်။
၄။ ဆံပင်ကို ဖြည်းဖြည်းချင်း အခြောက်ခံပါ။
ဆံပင်တွေကို အခြောက်ခံတဲ့အခါ တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်းမသုတ်ဘဲ အပိုင်းလေးတွေခွဲပြီး ဖြည်းဖြည်းချင်းပဲ အခြောက်ခံပါ။
ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း အခြောက်ခံတာကြောင့် ဆံပင်တွေ ရှုပ်ထွေးလာတာ၊ ကျွတ်လာတာတို့ ကြုံတွေ့ရပါတယ်။ စိုနေတဲ့ဆံပင်ကို တဘက်နဲ့ ပတ်ပြီး အခြောက်ခံတာကလည်း ဆံသားတွေ ပိုငြိစေပါတယ်။
၅။ ဆံပင်စိုနေတဲ့အချိန်မှာ ခေါင်းမဖြီးသင့်ပါဘူး။
ဆံပင်စိုနေတဲ့အချိန်က ဆံသားတွေ အားအနည်းဆုံးအချိန်ပါ။ အဲဒီအချိန်မှာ ခေါင်းဖြီးရင် ဆံပင်တွေ ပိုကျွတ်ပြီး ရှုပ်ထွေးလာပါတယ်။ ဆံပင် စိုနေတဲ့အချိန် သပ်သပ်ရပ်ရပ်ဖြစ်အောင် လက်နဲ့ပဲ ဖြီးပြီး ဆံပင်ခြောက်မှသာ သေချာ ခေါင်းဖြီးသင့်ပါတယ်။
၆။ ဆံပင်ကို အစိုဓာတ်ဖြည့်ပါ။
ခေါင်းလျှော်တဲ့အခါမှာ conditioner ကိုလည်း သုံးပေးသင့်ပါတယ်။ ဆံသား ငြိတာ၊ ဆံပင်ရှုပ်ထွေးတာတို့ မဖြစ်အောင် ခေါင်းမလျှော်ခင်မှာ တစ်နာရီခန့် ကြိုပြီး အုန်းဆီ၊ ထောပတ်ဆီ၊ သံလွင်ဆီတို့ကို လိမ်းပေးနိုင်ပါတယ်။ အဲဒီအခါ ဆံသားက ရေဓာတ်ပြည့်ပြီး ဖွာမနေတော့ပါဘူး။
၇။ ပိုးသားခေါင်းအုံးစွပ်ကို အသုံးပြုပါ။
ချည်သားခေါင်းအုံးစွပ်နဲ့အိပ်တာက ဆံပင်တွေ ပိုငြိစေပါတယ်။ အိပ်ရာထဲမှာ ဆံပင်ကျွတ်တွေကို မကြာခဏမြင်ရမှာပါ။
ချည်သားခေါင်းအုံးစွပ်နဲ့ ဆံသားက ပွတ်တိုက်မှုတွေ ဖြစ်လာတာကြောင့် ဆံပင်ကျွတ်လာပါတယ်။ အဲဒါကြောင့် ဆံပင်နဲ့ ခေါင်းအုံးစွပ် ပွတ်တိုက်မှုနည်းစေမယ့် ပိုးသားခေါင်းအုံးစွပ်ကိုသာ ရွေးချယ်သင့်ပါတယ်။
Bonus
လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ၊ လှုပ်လှုပ်ရှားရှား အလုပ်လုပ်ရတဲ့အခါမှာ ဆံသားငြိတာ၊ ရှုပ်တာ သက်သာအောင်လို့ ဒိုးနပ်ပုံစံလေး စည်းထားသင့်ပါတယ်။ ပိုနီတေးလ်ဆံပင်စည်းနည်းကတော့ ခေါင်းကိုက်ပြီး ဆံပင်ကျွတ်စေတာကြောင့်ပါ။
Zombie (lovemedia)
0 Comments