ခေါင်းမာတဲ့ကလေးတွေကို မအော်ဘဲ နားဝင်လွယ်အောင်ပြောပြနိုင်မယ့်နည်းလမ်း (၅) ခု

မိဘတွေက သားသမီးတွေကို အဆုံးမရှိတဲ့မေတ္တာတွေနဲ့ ချစ်ကြပါတယ်။ ကလေးတွေက ပြောရဆိုရခက်တဲ့အခါ မိဘတွေက အော်မိတာ၊ ဆူမိတာ၊ အပြစ်ပေးတာတို့ ပြုလုပ်မိသွားတတ်ကြပါတယ်။

အဲဒါကြောင့် အရမ်းခေါင်းမာတဲ့ ကလေးတွေကို ကြမ်းတမ်းတဲ့နည်းလမ်းတွေမသုံးဘဲ နားဝင်လွယ်စေဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ညှိနှိုင်းပါ။

အချို့သောကလေးတွေက မိဘတွေမကြိုက်တာကို ရွဲ့ပြီး လုပ်ချင်ကြပါတယ်။ အခုချက်ချင်းလုပ်ခိုင်းရင် မလုပ်ဘဲ ခေါင်းမာနေတတ်ကြပါတယ်။ အဲဒီလိုကလေးတွေကို မကြမ်းတမ်းဘဲ ညှိနှိုင်းတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

"အိမ်စာကို အခုချက်ချင်းလုပ်" လို့ပြောတာထက် "အိမ်စာလုပ်ပြီးရင်တော့ တီဗွီကြည့်ရမှာနော်" လို့ပြောတဲ့နည်းလမ်းက ပိုထိရောက်ပါတယ်။ အေးအေးဆေးဆေးနဲ့ ညှိနှိုင်းပြီးပြောတာက ကလေးတွေရဲ့ခေါင်းမာတဲ့အကျင့်ကို ပျောက်သွားစေပါတယ်။

၂။ အတင်းအကြပ်စေခိုင်းတဲ့စကားလုံးတွေကို ရှောင်ပါ။

အချို့သော ကလေးတွေက တိုက်တွန်းရင် မလုပ်ဘဲ သူ့အသိစိတ်နဲ့ သူဆိုရင် လုပ်တတ်ပါတယ်။ မိဘတွေက အတင်းအကြပ်စေခိုင်းရင် တမင်မလုပ်ဘဲနဲ့ နေတတ်ပါတယ်။ အဲဒီလိုကလေးတွေကို အမိန့်ဆန်တဲ့ စကားလုံးနဲ့မပြောဘဲ သွယ်ဝိုက်တဲ့စကားလုံးတွေနဲ့သာ ပြောပါ။

၃။ ကြောက်လန့်အောင် ခြောက်ခြင်း

အချို့သောမိဘတွေက ကလေးတွေကို နောက်ဆက်တွဲဆိုးကျိုးတွေ ပြောပြပြီး ကြောက်လန့်အောင် ခြောက်တတ်ကြပါတယ်။

ဒါပေမယ့် ဒီလိုခြောက်လန့်မှုမျိုးက မိဘနဲ့ ကလေးကြားက ယုံကြည်မှုတွေကို ထိခိုက်စေပါတယ်။ ခြောက်လန့်ပြီး ပြောမယ့်အစား လက်တွေ့ကျမယ့် နောက်ဆက်တွဲဆိုးကျိုးကိုသာ နားဝင်လွယ်အောင် ရှင်းပြသင့်ပါတယ်။

၄။ အော်ကြီးဟစ်ကျယ်ပြောခြင်း

မိဘတွေက အော်ကြီးဟစ်ကျယ်ပြောရင် ကလေးတွေက ကြောက်လန့်ပြီး အကြောက်စွဲသွားပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း လျော့ကျသွားပါတယ်။

ကလေးတွေကိုယ်တိုင်က ဒေါသကြီးသူတွေအဖြစ် ပြောင်းလဲသွားပါတယ်။ ခေါင်းမာတဲ့ကလေးတွေကို အော်ကြီးဟစ်ကျယ်ပြောတဲ့နည်းလမ်းမသုံးဘဲ ညှိနှိုင်းတဲ့နည်းလမ်းသာ အသုံးပြုသင့်ပါတယ်။

၅။ ထပ်ခါထပ်ခါပြောခြင်း

စကားတစ်ခွန်းကို နားမဝင်မှာစိုးတာကြောင့် ထပ်ခါထပ်ခါပြောတဲ့အခါ ကလေးတွေရဲ့ နားထဲမဝင်တော့ပါဘူး။ ကြားနေကျစကားလိုထင်လာပြီး အရေးမပါသလို ခံယူသွားတတ်ပါတယ်။

အကြိမ်ပေါင်းများစွာ ကြားရတဲ့စကားတွေကြောင့် မလိုအပ်တဲ့ဒေါသတွေလည်း ဖြစ်လာပါတယ်။ အဲဒါကြောင့် တစ်ကြိမ်တည်းနဲ့ ထိထိရောက်ရောက် ပြောပြတာက ခေါင်းမာတဲ့ကလေးတွေအတွက် နားအဝင်လွယ်ဆုံးပါ။

Zombie (lovemedia)

Post a Comment

0 Comments