စတီးအသုံးအဆောင်တွေက အကြမ်းခံပြီး ကြာရှည်အသုံးခံပါတယ်။ နေ့စဉ်ဘဝမှာ စတီးပစ္စည်းတွေက အရေးပါလာပါတယ်။ စတီးပစ္စည်းတွေက အချိန်ကြာလာတဲ့အခါမှာ အရောင်မှိန်လာတတ်ပါတယ်။
အဲဒါကြောင့် စတီးပစ္စည်းတွေကို အရောင်ပြန်လည်တောက်ပလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နည်းလမ်း ၁
ပန်းကန်ဆေးဆပ်ပြာရည်ကို ရေစိုနေတဲ့ပန်းကန်ဆေးဖော့ပေါ်ကို အနည်းငယ်ထည့်လိုက်ပါ။ ပြီးနောက် စတီးအသုံးအဆောင်ပစ္စည်းတွေမှာ ပွတ်တိုက်ပေးလိုက်ရုံပါပဲ။
အားလုံးသန့်ရှင်းပြီးနောက်မှာ ပိတ်စအခြောက်လေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ Baby oil ကို အသုံးပြုပြီးတော့လည်း စတီးပစ္စည်းတွေကို အရောင်တောက်ပလာအောင် ပြုလုပ်လို့ရပါတယ်။
နည်းလမ်း ၂
WD 40 ဖျန်းဆေးကို စတီးပစ္စည်းတွေမှာ ဖျန်းပေးပြီး ပိတ်စအခြောက်နဲ့ သုတ်ပေးပါ။ ဒီဖျန်းဆေးက စတီးအသုံးအဆောင်ပစ္စည်းတွေပေါ်မှာ လက်ဗွေရာတွေ မထင်အောင်လည်း ကာကွယ်ပေးပါတယ်။ WD 40 ဖျန်းဆေးကို အစားအစာတွေနဲ့ ဝေးဝေးထားသင့်ပါတယ်။
နည်းလမ်း ၃
စတီးပစ္စည်းတွေပေါ်မှာ ဂျုံမှုန့်တွေကို ဖြူးလိုက်ပါ။ နူးညံ့တဲ့ပိတ်စလေးနဲ့ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးလိုက်ရင် စတီးအရောင်က ပြန်လည် တောက်ပလာပါတယ်။
နည်းလမ်း ၄
Club soda ကို စတီးပစ္စည်းတွေပေါ်ကို တိုက်ရိုက်ဖျန်းချလိုက်ပြီး ပိတ်စလေးနဲ့ သုတ်ပေးပါ။ ဒီနည်းကတော့ အချိန်တိုအတွင်းမှာ စတီးတွေကို အရောင်ပြန်တောက်ပစေပါတယ်။
နည်းလမ်း ၅
ရေ ၂ဆ၊ ရှာလကာရည် ၁ဆတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်လိုက်ပါ။ ရောထားတဲ့အရည်ကို ရေစိုဝတ်နဲ့ တို့ပြီး စတီးဇွန်း၊ ခက်ရင်းတို့ပေါ်ကို ပွတ်တိုက်ပေးရုံပါပဲ။ ပြီးနောက် စတီးပစ္စည်းတွေကို ရေနဲ့ ဆေးချလိုက်ပါ။
နည်းလမ်း ၆
သွားတိုက်တံပေါ်မှာ သွားတိုက်ဆေး တင်လိုက်ပါ။ ပြီးနောက် စတီးပစ္စည်းတွေကို သွားတိုက်တံနဲ့ ပွတ်တိုက်ပေးပါ။ အားလုံးပြီးသွားတဲ့အခါ ရေဆေးပြီး အခြောက်ခံလိုက်ပေးလိုက်ရင် ရပါပြီ။
နည်းလမ်း ၇
မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ရောပြီး ပျစ်လာတဲ့အထိ မွှေပါ။ ရလာတဲ့အနှစ်ကို စတီးအသုံးအဆောင်တွေပေါ်မှာ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့် ထားလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာပြီးတဲ့အခါ ပိတ်စလေးနဲ့ ပွတ်တိုက်ပေးပါ။
နည်းလမ်း ၈
စတီးကို ပြန်လည်တောက်ပစေတဲ့ အထူးထုတ်လုပ်ထားတဲ့ ဆေးတွေကို စတိုးဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပါတယ်။ စတီးကို ပြန်လည်တောက်ပစေတဲ့ပစ္စည်းတွေနဲ့ အထက်ပါနည်းလမ်းတွေကို ရောပြီးတော့လည်း အသုံးပြုလို့ရပါတယ်။
Zombie (lovemedia)
0 Comments