ချမ်းသာသောသူနှင့် မချမ်းသာသောသူ

ဥပမာ ကျနော့်မှာ ကြက်သုံးကောင် ရှိတယ် ဆိုကြပါစို့။ တကောင်ကို အရက်သမားလက်ထဲ ပေးလိုက်မယ်။ ဒါဆို ဘာဖြစ်သွားမယ်ထင်သလဲ။ သေချာပါတယ်၊ အမြည်း ဖြစ်သွားမှာပေါ့။

နောက်တကောင်ကို ကြက်တိုက်သမား လက်ထဲ ပေးလိုက်မယ်။ သေချာတယ်၊ အဲ့ဒီကြက်က တိုက်ကြက် ဖြစ်သွားလိမ့်မယ်။

နောက်ဆုံးတကောင်ကို မွေးမြူရေးသမားရဲ့ လက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင် သူဟာ အဲ့ဒီကြက်ကို မွေးပြီး နောက်ထပ် ကြက်တွေ အများကြီး ပေါက်လာအောင် လုပ်လိမ့်မယ်။

ရလာတဲ့ ကြက်အပေါ် သူတို့တဉီးချင်း တယောက်ချင်းစီတိုင်းမှာ ရှိတဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ် မူတည်ပြီး အမြည်း၊ တိုက်ကြက်၊ မွေးမြူရေးကြက်ဆိုပြီး ပြောင်းလဲသွားတယ်။

ဒီသဘောပါပဲ။ လူတွေမှာလည်း ကြွယ်ဝချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူဆိုပြီး ကွဲပြားသွားစေ တာဟာလည်း ပိုက်ဆံအပေါ်မှာ ထားတဲ့ ကျနော်တို့ရဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ်မှာ မူတည်ပြီး ကွဲပြားသွားစေတာ ဖြစ်တယ်။

တချို့ ရှိတယ်။ ထီပေါက်ရင် ချမ်းသာမယ်၊ မိဘဆီက အမွေတွေရရင် ချမ်းသာမယ်၊ လစာကောင်းတဲ့ အလုပ်ရှိရင် ချမ်းသာမယ် လို့ ထင်ကြတယ်။

တကယ်က မဟုတ်ပါဘူး။ ဘယ်လောက်ပဲ လစာကောင်းကောင်း၊ ဘယ်လောက်ကြီးတဲ့ ထီဆုကြီးပဲ ပေါက်ပေါက် ပိုက်ဆံအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ စိတ်နေသဘောထားက လွဲနေရင် အဲ့ဒီလွဲတဲ့ လမ်းကြောင်းအတိုင်းပဲ လိုက်သွားလိမ့်မယ်။

ခုနကလိုပေါ့။ အရက်သမားကို ကြက်တွေ အများကြီးသွားပေးလည်း သူနေ့တိုင်း အရက်နဲ့ မြည်းလို့ရပြီဆိုတဲ့ အမြင်ပဲ ရှိတာကြောင့် အမြည်းဖြစ်ရုံသာ ရှိမယ်။ ကြက်သမားလည်း ဒီတိုင်းပဲ။

မွေးမြူရေးသမားထက်ထဲ ရောက်မှသာ ရလာတဲ့ ကြက်တွေကို မွေးရင်း မွေးရင်းနဲ့ ကြက်တွေ များသထက်များလာပြီး ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။

အလားတူပဲ တလကို သိန်း ၂၀ ရှာနိုင်ရှာနိုင် ၃၀ ရှာနိုင်ရှာနိုင်၊ ရှာနိုင်တဲ့ ပိုက်ဆံကို သုံးစရာအဖြစ်ပဲ မြင်နေရင် သုံးစရာအဖြစ်ပဲ ရောက်သွားလိမ့်မယ်။ စုဆောင်းစရာ၊ ကိုယ့်ကို ငွေပြန်ရှာပေးနိုင်တဲ့အရာလို့ မြင်မှ ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။

ဒါကြောင့် ချမ်းသာကြွယ်ဝဖို့အတွက်ဆိုရင် ဝင်ငွေကောင်းဖို့က အရေးကြီးတယ်ဆိုတာ မှန်ပေမယ့် ဝင်ငွေအပေါ်မှာ သဘောထားတဲ့ ကျနော်တို့ရဲ့ စိတ်နေသဘောထားတွေက ပိုပြီး အရေးကြီးပါတယ်။

အဲ့ဒီစိတ်နေသဘောထားကပဲ လူချမ်းသာ၊ လူဆင်းရဲ ဆိုပြီး ကွဲပြားသွားအောင် အဓိက ဆုံးဖြတ်ပေးနေတာ ဖြစ်ပါတယ်။ crd

Post a Comment

0 Comments