မီးဖိုအသုံးအဆောင်ပစ္စည်းတွေမှာ ပိုးမွှားတွေ ဝင်နေတဲ့အခါ အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ရမှာပါ။ ပိုးမွှားတွေ ဝင်တာကြောင့် အစားအစာတွေကိုလည်း လွှင့်ပစ်လိုက်ရမှာပါ။
အဲဒါကြောင့် အစားအစာတွေထဲမှာ သောင်းကျန်းနေတတ်တဲ့ ပိုးမွှားတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မီးဖိုထဲက ဟင်းချက်တဲ့ ဆန်မှုန့်၊ ဂျုံမှုန့်၊ ပြောင်းကော်မှုန့်တွေထဲမှာ ပိုးဖလံလေးတွေကို အတွေ့ရမှားပါတယ်။ ခြောက်သွေ့တဲ့အစားအစာတွေထဲမှာတောင် ပိုးဖလံတွေက ဥချပြီး အဆပေါင်းများစွာ ပွားသွားတတ်ပါတယ်။
၂ ပတ်ခန့်ကြာပြီးနောက်မှာ ဥကနေ အကောင်ပေါက်လာပြီး ဆန်မှုန့်တွေ၊ ပဲတွေကို စားပါတော့တယ်။ အဲဒီကနေ ပိုးဖလံတွေက အစားအစာတွေထဲမှာ ပွားသထက်ပွားပြီး မျိုးဆက်လိုက် နေထိုင်ကြပါတယ်။
အစားအစာတွေထဲ ဝင်နေတတ်တဲ့ ပိုးမွှားတွေကို ဘယ်လိုဘယ်ရှားမလဲ။
အဆင့် ၁
မီးဖိုခန်းကို သန့်ရှင်းရေးလုပ်တဲ့အခါ ကြောင်အိမ်၊ ဗီရိုတို့ကို ပိုပြီးဂရုတစိုက် သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ကြောင်အိမ်နဲ့ ဗီရိုထဲက အစားအစာတွေ၊ ပန်းကန်၊ ဇွန်း၊ အခြားသောအသုံးအဆောင်တွေအားလုံးကို ထုတ်ပြီး သန့်ရှင်းရေးလုပ်တာက ပိုကောင်းပါတယ်။
အဆင့် ၂
ပိုးတွေက အထုတ်ထဲမှာ ဝင်နေတဲ့အခါ တစ်ထုပ်လုံးကို လွှင့်ပစ်သင့်ပါတယ်။ ဆက်ပြီး သုံးနေတဲ့အခါ ကျန်းမာရေးအတွက် ထိခိုက်လာနိုင်တာကြောင့်ပါ။ အချို့သော အစားအစာတွေကို ရေခဲသေတ္တာ သို့မဟုတ် အအေးခန်းထဲမှာ သိမ်းထားသင့်ပါတယ်။
ပိုးကောင်တွေရဲ့ဥတွေက အအေးဒဏ်ကို ခံနိုင်ရည်မရှိတာကြောင့်ပါ။ ကြောင်အိမ်ထဲမှာ သိမ်းထားတဲ့အခါမှာလည်း လေလုံတဲ့ဘူး၊ အဖုံးကျပ်တဲ့ဘူးတွေထဲမှာပဲ သိမ်းထားသင့်ပါတယ်။
ဂျုံမှုန့်ကို အသုံးပြုတဲ့အခါ ပိုးကောင်တွေမပါအောင် ဇကာနဲ့စစ်ပြီးမှသာ အသုံးပြုသင့်ပါတယ်။
အဆင့် ၃
ကြောင်အိမ်နဲ့ ဗီရိုတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ဖုန်စုပ်စက်ကို အသုံးပြုတာက ပိုကောင်းပါတယ်။ ဖုန်စုပ်စက်က ချောင်ကြားထဲမှာ ကပ်နေတဲ့ ပိုးကောင်ဥတွေကိုပါ စုပ်ယူပေးနိုင်ပါတယ်။
ပိုးကောင်တွေက တစ်နေရာကနေ တစ်နေရာကို ပြောင်းနိုင်ပါတယ်။ အဲဒါကြောင့် တံခါးလက်ကိုင်၊ ပတ္တာကြားတွေထဲကိုပါ ဖုန်စုပ်စက်နဲ့ စုပ်ယူသင့်ပါတယ်။
အဆင့် ၄
ဖျန်းဘူးထဲမှာ ရေနွေးနဲ့ ဆပ်ပြာရည်ကို ထည့်ပြီး ဗီရို၊ ကြောင်အိမ်၊ စင်တွေကို ဖျန်းပေးနိုင်ပါတယ်။ တံခါးနဲ့ ကြမ်းပြင်တွေကိုလည်း ဖျန်းပေးလို့ရပါတယ်။ ပြီးနောက် ရေစိုဝတ်နဲ့ သုတ်ပေးပါ။ ဆပ်ပြာရည်နေရာမှာ ပက်ပါမင့်ဆီကိုလည်း အသုံးပြုနိုင်ပါတယ်။
အဆင့် ၅
ကရဝေးရွက်ကို စက္ကူအိတ်နဲ့ ထည့်ပြီး အစားအသောက်အခြောက်တွေ သိမ်းထားတဲ့နေရာမှာ ထားပေးနိုင်ပါတယ်။ ကရဝေးရွက်ရဲ့ရနံ့ကို ပိုးမွှားတွေက မခံနိုင်တာကြောင့် မြန်မြန်ထွက်ပြေးသွားပါတယ်။
ဒါပေမယ့် ပိုးသတ်ဆေးတွေကိုတော့ အသုံးမပြုသင့်ပါဘူး။ အနီးအနားက စားစရာတွေကို ထိသွားနိုင်တာကြောင့်ပါ။
မီးဖိုခန်းထဲမှာ ပိုးကောင်တွေ ဝင်မလာအောင် ကာကွယ်နည်းများ
- ရှာလကာရည်စွတ်ထားတဲ့ ပိတ်စလေးနဲ့ စင်၊ ကြောင်အိမ်၊ ဗီရိုတို့ကို သုတ်ပေးပါ။
- ခြောက်သွေ့တဲ့အစားအစာတွေကို အဖုံးတင်းကျပ်တဲ့ဘူးထဲမှာသာ သိမ်းဆည်းပါ။
- အစားအစာတွေကို မဝယ်ခင်မှာ စစ်ဆေးတာက ပိုကောင်းပါတယ်။ အစားအစာရဲ့အထုပ်က ပေါက်နေရင် ပိုးမွှားတွေက အလွယ်တကူ ဝင်လာနိုင်တာကြောင့်ပါ။
- အစားအစာအခြောက်တွေ ထားတဲ့စင်တိုင်းမှာ ကရဝေးရွက်ကို ထားပါ။
- အစားအစာအခြောက်တွေကို မကြာခဏစစ်ဆေးပေးပါ။
Zombie (lovemedia)
0 Comments