ကလေးတွေကို ငယ်ငယ်ကတည်းက လူသားဆန်မှု၊ ကိုယ်ချင်းစာမှု၊ စာနာမှု၊ ကြင်နာမှုတွေ သင်ကြားပေးတဲ့အခါ အနာဂတ်မှု လူကောင်းလူတော်တွေ ဖြစ်လာမှာပါ။
မက္ကဆီကိုနိုင်ငံ၊ Zacatecas Educational Institute ကျောင်းရဲ့ မူလတန်းကျောင်းသား ၃၅ ယောက်က ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေနဲ့ လေလွင့်ခွေးလေးတွေအတွက် အိမ်လေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။
သူတို့ရဲ့တီထွင်ဉာဏ်က ဆိုရှယ်မီဒီယာမှာ ပျံ့နှံသွားပြီး အခြားသူတွေအတွက်လည်း စိတ်ကူးတွေ ရရှိသွားစေပါတယ်။
ကျောင်းရဲ့စာသင်နှစ်ပြီးဆုံးတဲ့အခါ ငါးတန်းကျောင်းသားလေးတွေက ကမ္ဘာကြီးကို အကျိုးပြုတဲ့လုပ်ငန်းတစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကျောင်းသားလေးတွေအတွက် လိုအပ်တဲ့အရာတွေကို ဆရာက လမ်းညွှန်ပေးခဲ့ပါတယ်။ သူတို့ရဲ့မြို့မှာ လေလွင့်ခွေးတွေက အရမ်းများပါတယ်။ အဲဒါကြောင့် ခွေးလေးတွေ ရာသီဥတုဒဏ်ကို ခံနိုင်အောင် အိမ်ဆောက်ပေးဖို့ အကြံရသွားခဲ့ပါတယ်။
သူတို့ရဲ့နောက်ထပ် ရည်ရွက်ချက်တစ်ခုကတော့ ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေ အသုံးတွင်ကျယ်လာအောင် ပြုလုပ်ချင်တာပါ။ အဲဒါကြောင့် ခွေးအိမ်လေးတွေကို ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေနဲ့သာ ဆောက်လုပ်ခဲ့ပါတယ်။
သွပ်အဟောင်း၊ သစ်ဟောင်း၊ ရေသန့်ဘူး၊ ကတ်ထူပြား၊ အဝတ်စ စတဲ့ပြန်လည်အသုံးပြုလို့ရတဲ့အရာတွေကို အသုံးချခဲ့ကြပါတယ်။ ခွေးလေးတွေရဲ့ အိမ်ကို လှပသွားအောင်လို့ ဆေးလည်း သုတ်ပေးလိုက်ကြပါသေးတယ်။
ကလေးတွေက အစကတည်းက ဘာအကျိုးရလဒ်မှ မမျှော်လင့်ဘဲ ခွေးလေးတွေအတွက်ပဲ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။ အဲဒါကြောင့် အိမ်လေးတွေ ဆောက်လုပ်ပြီးတဲ့အခါ လေလွင့်ခွေးလေးတွေကို ကယ်တင်ပေးနေတဲ့ Albergues Lazos Caninos အသင်းကို လှူဒါန်းခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့လမ်းတွေမှာ လေလွင့်ခွေးအရေအတွက်ဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ လမ်းတွေမှာ လေလွင့်ခွေးတွေက တိုးသထက်တိုးလာပါတယ်။ အဲဒါကြောင့် သဘာဝပတ်ဝန်းကျင်အတွက်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာပါတယ်။
နောက်ပိုင်းမှာတော့ အဖွဲ့အစည်းတွေနဲ့ မြို့သူမြို့သားတွေက လေလွင့်ခွေးလေးတွေကို ကယ်တင်ခဲ့ပါတယ်။ ခွေးမွေးမယ်ဆိုရင် ဆိုင်ကနေ မဝယ်ဘဲ လေလွင့်ခွေးလေးတွေကို မွေးစားလာကြပါတယ်။
ခွေးအမျိုးအစားကို မကြည့်ဘဲ ခွေးလေးတွေကို သနားကြင်နာတဲ့စိတ်နဲ့ မွေးစားတာကြောင့် လေလွင့်ခွေးလေးတွေအတွက်လည်း နွေးထွေးတဲ့မိသားစုကို ရရှိလာကြပါတယ်။
Zombie (lovemedia)
0 Comments