အဝတ်အစားတွေမှာ အစွန်းအထင်းတွေ ပေကျံလာတဲ့အခါ ဖယ်ရှားရခက်ခဲတတ်ပါတယ်။ အထူးသဖြင့် ဂျင်းအဝတ်အစားတွေဆိုရင် အစွန်းအထင်းတွေ စွဲနေတဲ့အခါ လျှော်ရတာ မလွယ်ကူပါဘူး။
ဒါပေမယ့် ဒီနည်းလမ်းတွေကို သိထားတဲ့အခါ စိတ်ရှုပ်စရာမလိုတော့ပါဘူးနော်။
အဝတ်အစားတွေမှာ ဆီတွေ စွန်းလာရင် တတ်နိုင်သမျှ ချက်ချင်း လျှော်သင့်ပါတယ်။ အချိန်ကြာလာလေ အစွန်းတွေက ပိုပြီးတော့ စွဲလာလေပါ။ ဆီစွန်းတွေက အခြားသော အစွန်းအထင်းတွေထက် ပိုပြီးချွတ်ရခက်ပါတယ်။
လိုအပ်သောပစ္စည်းများ
- သွားတိုက်တံအဟောင်းတစ်ချောင်း
- တစ်ရှူးအစို
- ဆပ်ပြာရည်
- မုန့်ဖုတ်ဆော်ဒါ
၁။ အစွန်းတွေကို တစ်ရှူးအစိုနဲ့ ပွတ်တိုက်ပါ။
ဂျင်းအဝတ်အစားတွေမှာ ဆီတွေ စွန်းလာတဲ့အခါ တစ်ရှူးအစိုနဲ့ မြန်မြန်ပွတိုက်လိုက်ပါ။ တစ်ရှူးအစိုက ဆီတွေကို စုပ်ယူပေးနိုင်ပါတယ်။ တစ်ရှူးအစိုနဲ့ ဆီစွန်းတွေကို ပွတ်တိုက်ပေးလိုက်တဲ့အခါ လျှော်ရတာက လွယ်ကူသွားတာကြောင့်ပါ။
၂။ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုပါ။
ဆီစွန်းနေတဲ့နေရာကို မုန့်ဖုတ်ဆော်ဒါလေး ဖြူးပေးပြီး ၂ နာရီကြာ ထားလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါက ဂျင်းအဝတ်အစားတွေပေါ်က ဆီတွေကို လျင်လျင်မြန်မြန် စုပ်ယူပေးနိုင်ပါတယ်။
၂ နာရီကြာပြီးတဲ့အခါ ဖြူးထားတဲ့ မုန့်ဖုတ်ဆော်ဒါတွေကို ဖယ်ရှားလိုက်လို့ရပါပြီ။ ဂျင်းအဝတ်အစားတွေပေါ်မှာ ဆီစွန်းနေတာတွေ နည်းပါးသွားတာကို တွေ့ရမှာပါ။
၃။ သွားတိုက်တံနဲ့ ပွတ်တိုက်ပေးပါ။
ဆပ်ပြာရည်အနည်းငယ်ကို ဆီစွန်းနေတဲ့နေရာမှာ ထည့်လိုက်ပါ။ အဲဒီနောက် သွားတိုက်တံအဟောင်းတစ်ချောင်းနဲ့ ပွတ်တိုက်ပေးလို့ရပါပြီ။
သွားတိုက်တံနဲ့ပွတ်တိုက်နေစဉ်အတွင်း ဆီအစွန်းတွေက တဖြည်းဖြည်းချင်း နည်းသွားပါတယ်။ ပြီးနောက်မှာတော့ ဂျင်းဘောင်းဘီကို ရေဆေးချပြီး လျှော်လိုက်လို့ရပါပြီ။
၄။ အခြောက်ခံပါ။
ဂျင်းဘောင်းဘီမှာ ဆီစွန်းတွေကို ဖယ်ရှားပြီးနောက် လေမှုတ်စက်နဲ့ အခြောက်ခံလိုက်ပါ။ ဒီနည်းက အစွန်းတွေကို မြန်မြန်ပြောင်စင်လွယ်စေပါတယ်။
အခြားနည်းလမ်း
မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာတို့ အသုံးပြုပြီး ဆီစွန်းတွေ မပြောင်စင်တဲ့အခါ ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဂျင်းအဝတ်အစားတွေကို ရှာလကာရည်နဲ့ လျှော်ရင် အရောင်က အနည်းငယ်ဖျော့သွားတတ်ပါတယ်။
Zombie (lovemedia)
0 Comments