အကျင့်တစ်ခုကို စွဲမြဲဖို့ဆိုရင် အနည်းဆုံး ၂၁ ရက်ကြာအောင် ပြုလုပ်နေဖို့ လိုအပ်ပါတယ်။ ကောင်းတဲ့အကျင့်တွေက တည်ဆောက်ရတာ ခက်ခဲပြီး မကောင်းတဲ့အကျင့်တွေကတော့ ကူးစက်လွယ်ပါတယ်။
အဲဒါကြောင့် ဘယ်လိုအကျင့်တွေက သင့်ကို အရှုံးသမားတစ်ယောက် ဖြစ်စေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မိမိရဲ့အရှုံးတွေအတွက်အခြားသူတွေကို အပြစ်တင်ခြင်း
အရှုံးတွေကို လက်မခံနိုင်တဲ့အခါမှာ ဘေးက လူတွေကိုပုံချတာ၊ အပြစ်တင်တာက အရမ်းကို မှားယွင်းတဲ့လုပ်ရပ်ပါ။ ဘေးက လူတွေကို အပြစ်တင်ရုံနဲ့ ပြဿနာက မပြေလည်သွားပါဘူး။ အောင်မြင်သူတွေက ကျရှုံးရတဲ့အကြောင်းအရင်းကို ရှာဖွေပြီး ပြန်လည်ကြိုးစားလေ့ရှိကြပါတယ်။
၂။ မိမိကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်း
အရှုံးသမားတွေက ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ လိုက်ယှယ်တတ်ကြပါတယ်။ အခြားသူတွေနဲ့ ယှဉ်ပြီး ကြိုးစားချင်စိတ်တွေ ရှိလာတာက ကောင်းပေမယ့် စိတ်ပျက်အားငယ်စိတ်တွေ ဝင်လာတယ်ဆိုရင်တော့ မကောင်းတော့ပါဘူး။ တကယ်တော့ အတိတ်ကမိမိနဲ့ လက်ရှိမိမိကိုသာ နှိုင်းယှဉ်ရမှာပါ။
၃။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ခြင်း
အရှုံးသမားတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းကြပါတယ်။ "လုပ်နိုင်တယ်၊ ဖြစ်ကိုဖြစ်ရမယ်" ဆိုတဲ့စိတ်ကို သွင်းထားတဲ့အခါ အလုပ်လုပ်ရတာ ပိုမိုတက်ကြွနေမှာပါ။
၄။ ပန်းတိုင်နဲ့ စည်းမျဉ်းတွေကို လက်လျှော့လိုက်ခြင်း
စိတ်ဓာတ်ပျော့ညံ့သူတွေက ကံမကောင်းတာကို မကြာခဏအပြစ်တင်ကြပါတယ်။ အခြားသူတွေရဲ့စကားကို နားယောင်လွယ်ပြီး ပန်းတိုင်ကို လွယ်လွယ်နဲ့လက်လျှော့ပစ်လိုက်ကြပါတယ်။
ပန်းတိုင်ကို ရောက်ဖို့အတွက် ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေက တကယ်ကို အရေးပါပါတယ်။ ဘယ်လိုအကြောင်းနဲ့မှ လက်မလျှော့လိုက်သင့်ပါဘူး။
၅။ လူတွေနဲ့ ဘယ်လိုပေါင်းသင်းရမလဲဆိုတာကို မသိခြင်း
မအောင်မြင်သူတွေက ဘေးနားက လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲဆိုတာကို မသိကြပါဘူး။ သူတို့တွေက မာနာကြီးပြီး ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး မိတ်ဆွေကောင်းရှိခြင်းက အောင်မြင်ခြင်းဆီကို ပို့ပေးနိုင်ပါတယ်။
၆။ အချိန်ဆွဲခြင်း
အချိန်ဆွဲတာကြောင့် တန်ဖိုးရှိတဲ့အချိန်တွေ အများကြီးကုန်ဆုံးသွားပါတယ်။ အရှုံးသမားတွေက အချိန်ဆွဲပြီး ဆင်ခြေတွေပေးတတ်ကြပါတယ်။ အချိန်ဆွဲတဲ့အကျင့်ကို ဖျောက်လိုက်တာနဲ့ ဘဝမှာ ကောင်းကျိုးတွေ အများကြီးတိုးလာမှာပါ။
၇။ အခြားသူတွေရဲ့အမြင်ကို ငြင်းပယ်ခြင်း
အရှုံးသမားတွေက အခြားသူတွေရဲ့အမြင်တွေ၊ အကြံဉာဏ်တွေကို လက်မခံဘဲ သူတို့ပဲ မှန်တယ်လို့ အမြဲတမ်းထင်တတ်ကြပါတယ်။ ဒါ့အပြင် ငြင်းခုန်ရတာကို သဘောကျပြီး မိမိမှန်ကြောင်းကိုသာ သက်သေပြနေတတ်ပါတယ်။
၈။ ဈေးပေါတာကို သဘောကျခြင်း
ဈေးပေါလေ ပိုကောင်းလေ ဆိုတာ အရှုံးသမားတွေရဲ့ လက်သုံးစကားပါ။ အောင်မြင်သူတွေက မဖြစ်မနေလိုအပ်တဲ့အရာကို ဝယ်ရမှာဆိုရင် ငွေကို ကောင်းကောင်းအသုံးချတတ်ကြပါတယ်။ အရည်အသွေးမကောင်းတဲ့ပစ္စည်းတွေကြောင့် အောင်မြင်မှုလမ်းစက ဝေးဝေးသွားတတ်ပါတယ်။
၉။ အခြားသူတွေကို မနာလိုဖြစ်ခြင်း
အရှုံးသမားတွေက များသောအားဖြင့် မနာလိုဝန်တိုစိတ်ကြီးကြပါတယ်။ အခြားသူတွေ အောင်မြင်သွားမှာ၊ အဆင်ပြေသွားမှာကို သဘောမကျကြပါဘူး။ မနာလိုစိတ်က သူတို့ကို အောက်ဆုံးအထိ ဆွဲချသွားပါတယ်။
Zombie (lovemedia)
0 Comments