အိတ်တွေက လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့အရာပါ။ ဒါပေမယ့် အိတ်ကို ကိုင်တဲ့ပုံ၊ လွယ်တဲ့ပုံမှားယွင်းတဲ့အခါ ကိုယ်နေဟန်ထားကို ထိခိုက်လာစေမှာပါ။
ခန္ဓာကိုယ်ရဲ့အလှမထိခိုက်အောင် ရွေးချယ်တဲ့အိတ်ပုံစံကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်နေဟန်ထားကို မထိခိုက်စေမယ့်အိတ်ကို ဘယ်လိုရွေးချယ်နိုင်မလဲ ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အိတ်ကို ခန္ဓာကိုယ်နဲ့ ကပ်အောင် လွယ်ပါ။
အိတ်က ခန္ဓာကိုယ်ရဲ့တစ်ဖက်တည်းမှာပဲ အလေးချိန်ရှိနေရင် ကိုယ်နေဟန်ထားမမှန်တော့ပါဘူး။ အိတ်ကို စလွယ်သိုင်းလွယ်တာက ပုခုံးအနေအထားကိုလည်းမှန်ကန်စေပါတယ်။
အိတ်ကို တစ်ဖက်တည်းမှာပဲ စလွယ်သိုင်းမလွယ်ဘဲ ဘယ်ဘက်ကို သိုင်းလွယ်လိုက်၊ ညာဘက်ကို သိုင်းလွယ်လိုက်နည်းနဲ့ ပြောင်းလဲပေးနိုင်ပါတယ်။
၂။ လက်မှာ ချိတ်ရတဲ့ အိတ်မျိုးကို ရှောင်ပါ
အိတ်ကို လက်မှာ ချိတ်ထားရတဲ့ အိတ်မျိုး မရွေးဘဲ ပုခုံး၊ ခါးတို့မှာ လွယ်ထားလို့ရတဲ့အိတ်မျိုးကိုသာ ရွေးချယ်ပါ။ အိတ်ကို လက်မှာ အမြဲတမ်းချိတ်ပါများတဲ့အခါ တံတောင်ဆစ်၊ ပုခုံး၊ လက်ကောက်ဝတ်နဲ့ လည်ပင်းနာကျင်မှုတွေ ဖြစ်ပေါ်လာပါတယ်။
၃။ အိတ်ရဲ့အလေးချိန်ကို သတိပြုပါ။
အိတ်ထဲမှာ ပစ္စည်းတွေ ရှိသမျှအားလုံး ထည့်တာက စမတ်မကျတဲ့အပြင် ကိုယ်နေဟန်ထားလည်း မလှပပါဘူး။ အိတ်ရဲ့အလေးချိန်က ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းထက် မပိုသင့်ပါဘူး။
၄။ သံကွင်းကြိုးတွေပါဝင်တဲ့အိတ်ကို မရွေးချယ်သင့်ပါဘူး။
သံကွင်းကြိုးလေးတွေ ပါဝင်တဲ့အိတ်တွေက ဖက်ရှင်ကျပေမယ့် ပုခုံးကျန်းမာရေးအတွက်တော့ မရွေးချယ်သင့်ပါဘူး။ သံကွင်းကြိုးတွေပါဝင်တဲ့အိတ်က အလေးချိန်ပိုပြီး ပါဝင်ပါတယ်။
၅။ စမ်းသပ်ပြီးတော့ လွယ်ကြည့်ပါ။
အိတ်ကို ဝယ်တော့မယ်ဆိုရင် ခဏလောက် စမ်းလွယ်ပြီးမှသာ ဝယ်ပါ။ အိတ်ရဲ့အလေးချိန်၊ ခန္ဓာကိုယ်နဲ့ လိုက်ဖက်မှုရှိ၊ မရှိ၊ ကြိုးရဲ့ခိုင်ခံ့မှုတွေကိုပါ တစ်ခါတည်းသိနိုင်ပါတယ်။
၆။ အိတ်သေးသေးလေးတွေကို ဦးစားပေးပါ။
အိတ်ဝယ်တော့မယ်ဆိုရင် ခပ်ကြီးကြီး အိတ်တွေထက် ကျစ်ကျစ်လျစ်လျစ်နဲ့ ခပ်သေးသေးအိတ်တွေကိုသာ ရွေးချယ်ပါ။ သေးငယ်တဲ့အိတ်တွေက ဖက်ရှင်ကျတဲ့အပြင် ပစ္စည်းအများကြီးလည်း မဆံ့တာကြောင့် ပုခုံးနဲ့ လည်ပင်းကို မနာကျင်စေတော့ပါဘူး။
၇။ အရည်အသွေးကောင်းတဲ့အိတ်ကိုသာ ဝယ်ပါ။
ဈေးကြီးတာ၊ မကြီးတာထက် အရည်အသွေးကောင်းပြီး ခိုင်မာတဲ့အိတ်ကိုသာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ အရည်အသွေးမကောင်းတဲ့အိတ်တွေက အလေးချိန်ကိုမျှတအောင်မထိန်းပေးနိုင်တဲ့အပြင် ကိုယ်နေဟန်ထားကိုလည်း မလှမပဖြစ်စေပါတယ်။
၈။ ခန္ဓာကိုယ်မှာ မြဲမြံနေမယ့်အိတ်ကိုသာ ရွေးချယ်ပါ။
အချို့သောအိတ်တွေက လှပပေမယ့် ကိုင်ရတာ အဆင်မပြေပါဘူး။ ခန္ဓာကိုယ်မှာ လွယ်လို့ရတဲ့ ကျောပိုးအိတ်၊ ခါးစည်းအိတ်တွေက လည်ပင်း၊ ပုခုံးနဲ့၊ ခါးကို မထိခိုက်စေပါဘူး။ ကျောပိုးအိတ်ထဲမှာလည်း ပစ္စည်းတွေကို အများကြီး မထည့်သင့်ပါဘူး။
၉။ ကြိုးပြားကြီးတဲ့အိတ်ကို ရွေးချယ်ပါ။
အိတ်ရဲ့ကြိုးက အရမ်းသေးနေတယ်ဆိုရင် အိတ်ရဲ့အလေးချိန်ကိုလည်း ခံနိုင်ရည်မရှိပါဘူး။ ကြိုးသေးတာကြောင့် ပုခုံးလည်း နာကျင်ပါတယ်။ အဲဒါကြောင့် ကြိုးပြားကြီးတဲ့အိတ်တွေကိုသာ ရွေးချယ်ပါ။
Zombie (lovemedia)
0 Comments