မျက်ကန်းပုဏ္ဏား (၆) ယောက်

တခါက မျက်စိ မမြင်ရတဲ့ ပုဏ္ဏား ၆ ယောက်ဟာ အရာရာသော အမှုကိစ္စတွေမှာ ကျွမ်းကျင် လိမ္မာချင်တယ် ဆိုပြီးတော့ ဆင်ရဲ့ပုံသဏ္ဍာန်ဟာ ဘယ်လိုလဲ ဆိုတာ သိအောင် ဆင်တကောင်ကို စမ်းသပ်ကြသတဲ့။

ပဌမပုဏ္ဏားက ဆင်ရဲ့ကျယ်ဝန်းတဲ့ နံဘေးကို စမ်းမိပြီးတော့ "ဆင်ဟာ အုတ်နံရံ တံတိုင်းနဲ့ တူတာပဲ" လို့ ပြောသတဲ့။

ဒုတိယ ပုဏ္ဏားကတော့ အစွယ်ကို စမ်းမိပြီး "ဆင်ဟာ ချောမွေ့တယ်၊ လုံးလည်း လုံးတယ်၊ ထက်မြတ်တဲ့ အစွမ်းလည်းရှိတယ်" လို့ ထင်မှတ်ပြီး "ဆင်ရဲ့ သဏ္ဍာန်ဟာ လှံတံနဲ့ တူတယ်" လို့ ပြောသတဲ့။

တတိယ ပုဏ္ဏားကလည်း ပျော့ပြောင်း တွန့်လိမ့်နေတဲ့ ဆင်ရဲ့ နှာမောင်းကို ကိုင်မိတယ်။ ဒီတော့ "အလို၊ ဆင်ဆိုတာ မြွေကြီးလိုပါပဲလား" လို့ ပြောသတဲ့။

စတုတ္ထ ပုဏ္ဏားကတော့ ခြေထောက်ကို စမ်းမိပြီး "ဆင်ဟာ အမှန်အားဖြင့် ကျွန်းတိုင်ကြီးနဲ့ တူတာပါကွာ" လို့ ဆိုသတဲ့။

ပဉ္စမ ပုဏ္ဏားအလှည့် ရောက်တော့ ဘယ်ညာလှုပ်ရမ်းနေတဲ့ ဆင်ရဲ့ နားရွက်ကို စမ်းမိပြီး "ဆင်ဟာ မင်းတို့ ၄ ယောက်ပြောသလို မဟုတ်ပါဘူးကွာ။ ဆင် ဆိုတာ ယပ်တောင်နဲ့သာ တူတာပါဟ" လို့ ပြောတယ်တဲ့။

နောက်ဆုံးဖြစ်တဲ့ ပုဏ္ဏားကလည်း စမ်းဖို့ လျှောက်သွားတော့ အမြီးကို ကိုင်မိတယ် ဆိုရင်ပဲ "မင်းတို့အားလုံး မှားတယ်၊ ဆင်ဆိုတာ ကြိုးနဲ့သာ တူတာဟ" လို့ အော်ပြောလိုက်သတဲ့။

မိတ်ဆွေတို့လည်း ပုဏ္ဏား ၆ ယောက်လို မဖြစ်စေဖို့ ကိစ္စတခုကို မိမိဘက်ကသာ မကြည့်ပဲ ကိုယ့်ဘက်သူ့ဘက် မျှတစွာ စဉ်းစာဆင်ခြင်ပြီးမှ မှတ်ချက်ပေးသင့်ပါတယ်။

ကိုယ့်ဘက်က မှန်တယ်ထင်ပေမယ့် သူ့အမြင်နဲ့ဆို မှားရင်လည်း မှားနေတတ်တယ်လေ။ ဘယ်ကိစ္စမှာမဆို သူ့ဘက်ကိုယ့်ဘက်ကိုလည်း ကြည့်ရပါမယ်။

တပိုင်းတစ သိရုံလေးနဲ့ (တပိုင်းတစ စမ်းမိရုံဖြင့်) မှတ်ချက်ပေးမိက ပုဏ္ဏား ၆ ယောက်လို တက်တက်စင် လွဲပြီးတော့ ရယ်ဖွယ် ဖြစ်တတ်ပါတယ်။ phoomyatchal

Post a Comment

0 Comments