အိုးနှင့်တူသော လူသုံးမျိုး

လောကမှာ အိုးနဲ့တူတဲ့ လူသုံးမျိုး ရှိကြတယ်။

(၁) မပြည့်တဲ့အိုး

မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလို နည်းနည်းသိပြီး စကား ဟောင်ဖွာဟောင်ဖွာနဲ့ အများကြီး ပြောချင်တဲ့ သူမျိုးပါ။အခြေအနေမှန်ကိုလည်း ကောင်းစွာ မသုံးသပ်၊ အရိပ်အကဲကိုလည်း နားမလည်၊

ကိုယ်ပြော ချင်တာကိုပဲ ဇွတ်အတင်း ပြောတတ်ပါသေးတယ်။ ပတ်ဝန်းကျင်နဲ့ ဖီလာကန့်လန့် အမြဲ ဖြစ်နေတတ်ပြီး အရူး၊ အပေါ၊ စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုံ့ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။

(၂) ပြည့်နေပြီထင်တဲ့အိုး

ပြည့်နေပြီလို့ ထင်နေတဲ့အိုးလို အရာရာ ငါသိ ငါတတ် ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင် ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင်လေဟပ် နေသူမျိုးပါ။ ဘာမဆို သိပြီးသားတတ်ပြီးသား အချိုးမျိုးနဲ့ အခြားတပါးသူကို နှိမ့်ချ ဆက်ဆံတတ်ပါသေးတယ်။

စကားပြော မောက်မာခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီးဂိုက် ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင် ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။

ဒီအိုးလို သူမျိုးဟာ ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါအရာ မရောက်တော့တဲ့ ဘဝအခြေအနေမျိုးအထိ ကြုံရတတ်ပါတယ်။

(၃) ဘာမှ မရှိသောအိုး

ဘာဆို ဘာမှ မရှိသေးတဲ့အိုးလို အရာရာကို နားလည် ခွင့်လွှတ်နိုင်စွမ်း အပြည့်ရှိနေပြီး ငါသိစရာ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလား ဆိုတာ သိနေတဲ့ လူမျိုးပါ။

သူများကို အထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။

ဒီအိုးလို သူမျိုးကသာ ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ် ဂုဏ်မငယ်ရဘဲ လူချစ်လူခင် များသထက် များနေကာပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကို အထူးခံစားရ ပါလိမ့်မယ်။

ကဲ ဘယ်လိုအိုးမျိုး ဖြစ်နေလဲ ကိုယ့်ကိုယ်ကို မလိမ်ညာဘဲ ရဲရဲဖြေကြည့်ပါ။ သိပြီဆိုရင် ပြင်သင့်တာပြင်ပြီး ပြုသင့်တာပြု ရပါမယ်။

အပြောအဆို ချိုသာယဉ်ကျေးပြီး မှန်ကန်ကောင်းမြတ် အကျိုးရှိတဲ့ စကားမျိုးသာ အလေးထား ဂရုစိုက်ပြောဆို ဆက်ဆံတတ်ပါစေ။ Crd

Post a Comment

0 Comments