ရောင့်ရဲတင်းတိမ်မှု

ရှေးရှေးတုန်းက ဘုရင်ကြီးတပါးဟာ တောထဲမှာ အမဲလိုက်ထွက်ရင် သစ်ပင်တပင်အောက်မှာ ထိုင်ပြီး တရားကျင့်နေတဲ့ ရသေ့ကြီးတပါးကို တွေ့လိုက်တယ်။

သူ့ကို ကြည်ညိုလွန်းလို့ ဘုရင်ကြီးက သူ့နန်းတော်ကို အလည်ကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ ရသေ့ကြီးလည်း ဘုရင်ကြီးရဲ့ နန်းတော်ကို အလည်အပတ် ရောက်လာပါတယ်။

ဘုရင်ကြီးက ရသေ့ကြီးကို နန်းတော်ထဲမှာ လိုက်ပြရင်း သူ့နန်းတော်ဟာ ဘယ်လောက် ခမ်းနားလှပကြောင်း ပြောပြတယ်။ နောက်ပြီး မြို့ထဲကိုလည်း လိုက်ပြပါတယ်။

သူ့နိုင်ငံဟာလည်း အလွန်ကျယ်ဝန်းပြီး ကြီးမားကြောင်း ပြောပြတယ်။ ပြီးတော့ သူတို့နှစ်ယောက် နန်းတော်ထဲကို ပြန်ရောက်လာကြတယ်။ ဘုရင်ကြီးက ရသေ့ကြီးကို ခုလို ပြောလိုက်ပါတယ်။

"အရှင်ဟာ တပည့်တော်ဆီမှာရှိတဲ့ ကြီးကျယ်တဲ့အရာတွေ တခုမှ မရှိတဲ့ တောထဲမှာ နေနိုင်လို့ အရှင်ရဲ့ ရောင့်ရဲ ကျေနပ်မှုကို တပည့်တော် မနာလိုဘူး ဘုရား"

"ငါလည်း ဒကာကြီးရဲ့ အလွန်ရောင့်ရဲ ကျေနပ်တတ်မှုကို မနာလိုဘူး"

"အရှင် ဘာကို ဆိုလိုတာလဲ ဘုရား"

"ဒီလိုကွာ။ ငါဟာ အလွန်ခမ်းနားလှပတဲ့ နေရာမှာ နေနေတယ်။ စိမ်းလန်းစိုပြေတဲ့ တောတောင်ကြီးတွေ ရှိကြတယ်။

အမြဲ ရေစီးဆင်းနေတဲ့ မြစ်တွေ ချောင်းတွေ ရှိကြတယ်။ သာယာတဲ့ သီချင်းသံတွေ သီဆိုတတ်တဲ့ ငှက်လေးတွေ ရှိကြတယ်။

နေ့ဆိုရင် ထွန်းတောက်နေတဲ့ နေလုံးကြီး ရှိတယ်။ ညဆိုရင် ကြယ်တွေ လတွေ အစုံ ရှိကြတယ်။ သဘာဝအတိုင်း သွားလာနေကြတဲ့ သားရဲတိရစ္ဆာန်တွေ အများကြီး ရှိကြတယ်။

သဘောက ငါ့မှာ စကြဝဋ္ဌာကြီး တခုလုံး ရှိတယ်။ ဒါပေမဲ့ ဒကာကြီးဟာ ဒီနိုင်ငံတခုပဲ ရှိတာလေးနဲ့ပဲ ရောင့်ရဲတင်းတိမ် ကျေနပ်နိုင်တာကို မနာလိုတာပါ" Crd

Post a Comment

0 Comments