တန်ဖိုးထားရမည့် အရာ

အလွန် နာမည်ကြီးသည့် ဆရာတော်ကြီး တပါးရှိသည်။ ဆရာတော်ကြီး၏ ဂုဏ်သတင်းကြောင့် လာရောက် ဖူးမြင်ကြသူများသည်။

ရောက်လာသည့် ဒကာ၊ ဒကာမတိုင်း ကိုလည်း ဆရာတော်ကြီးသည် အချိန်ပေးပြီး တွေ့ဆုံကာ ဆုံးမများ ပြောကြားပေးလေ့ ရှိသည်။

တနေ့တွင် ဘုရင်တပါးက ဆရာတော်ကြီးကို လာရောက် ဖူးမြင်သည်။ ထိုဘုရင်သည် စစ်ပွဲက အပြန် မာန်တက်ကာ ဘုန်းကြီးကျောင်းကို ဝင်လာခြင်း ဖြစ်သည်။ နောက်တကြိမ် စစ်အောင်နိုင်စေကြောင်း ဆုတောင်းစကားများ ကြားချင်သောကြောင့်လည်း ဖြစ်နိုင်သည်။

စစ်ဘုရင်က ဆရာတော် နေထိုင်သည့် အခန်းရှေ့ကို ရောက်လာသည့်အခါ ဖိနပ်ကို ချွတ်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်ရာ အသံ ထွက်သွားသည်။

တိတ်ဆိတ်နေသည့် ကျောင်းတော်အတွင်း အသံက အတော်လေး ကျယ်သွားသည်။ ထို့နောက် ဘုရင်က တံခါးကို တွန်းဖွင့်ပြီး ဆွဲပိတ်လိုက်ရာ ကြမ်းတမ်း လှသောကြောင့် အသံလည်း ကျယ်လောင် သွားပြန်သည်။

ဘုရင်က အခန်းထဲကို ဝင်ရန် ခြေလှမ်း ပြင်လိုက်သည်။ ဆရာတော်ကြီးက အေးဆေး တည်ငြိမ်စွာဖြင့် "ဒကာ ရပ်နေပါ။ ဝင်မလာပါနဲ့" ဟု ပြောလိုက်သည်။

"အဘယ်ကြောင့်နည်း"

"အပြင်ကို ပြန်ထွက်ပါ ဒကာ။ ပထမဆုံး သင်ချွတ်ကာ လွှင့်ပစ်ခဲ့သော ဖိနပ်ကို တောင်းပန်ပါ။ ဒုတိယ သင်ကြမ်းတမ်းစွာ ဆောင့်ပိတ်ခဲ့သော တံခါးကို တောင်းပန်ပါ"

"အဘယ်ကြောင့်နည်း ဆရာတော်။ ဆရာတော်ကို ဖူးတွေ့ချင်လို့ လာပါတယ်။ မာနကြီးတယ်လို့ ပြောသံတွေ ကြားရတာ ခုမှ ယုံတော့တယ်"

ဆရာတော်က အေးဆေးသော လေသံဖြင့် "ပြန်ထွက်သွားပါ ဒကာ။ ငါပြောသည့် အတိုင်း သင်မလုပ်နိုင်လျှင် ပြန်သွားပါ။ ငါ့ကိုလာပြီး တွေ့စရာ မလိုပါ"

"တပည့်တော်ဟာ ဒီနိုင်ငံကို အုပ်စိုးနေတဲ့ ပြည့်ရှင်ဘုရင်ပါ ဆရာတော်။ အဘယ်ကြောင့် နှင်ထုတ်ရသလဲ။ အဘယ်ကြောင့် ဖိနပ်နဲ့ တံခါးကို တောင်းပန်ခိုင်းရသလဲ"

"ငါ၏ ကျောင်းတော်ထဲတွင် ဆရာနှင့်ဒကာ နှစ်မျိုးသာ ရှိသည်။ ငါပြောသည့် အတိုင်း မလိုက်နာ နိုင်လျှင် သင် ငါ့ကို လာပြီး စကားပြောစရာ မလိုပြီ"

ဘုရင်က မာန်နည်းနည်း ကျသွားသည်။ အဝေးမှ ဆရာတော်ကို ဦးချလိုက်ပြီး

"တပည့်တော်က အဘယ်ကြောင့် ဖိနပ်ကိုတောင်းပန်ရမည်နည်း"

"ဖိနပ်သည် သင့်ကို တောက်လျှောက် အကာအကွယ် ပေးခဲ့သည့် ပစ္စည်းတခု ဖြစ်သည်။ သင့်ခြေဖဝါးကို မနာရန် စောင့်ရှောက် ကာကွယ်ပေးသည့် အရာအပေါ် သင်က ကျေးဇူးမတင် မလေးစားလျှင် သင်သည် မည်သည့်အရာကိုမျှ ကျေးဇူးတင်၊ လေးစားနိုင်မည့်သူ မဟုတ်မှန်း ပေါ်လွင်နေသည်"

"တပည့်တော် အဘယ်ကြောင့် တံခါးကို တောင်းပန်ရ မည်နည်း"

"သင်က အေးချမ်းစွာ သူ့တာဝန်သူ ထမ်းဆောင်နေသော တံခါးကိုပင် ပြင်းထန် ကြမ်းတမ်းစွာ ပြုမူဆက်ဆံသည် ဆိုလျှင် ထိုတံခါးအတွင်း နေထိုင်သူ အပေါင်းကိုလည်း မည်သို့မျှ အေးချမ်း၊ ငြိမ်းချမ်းစွာ ပြုမူဆက်ဆံမည့်သူ မဟုတ်ကြောင်း ပေါ်လွင်နေသည်။ သင့်စိတ်အတိုင်း သင်ပြုမူနေခြင်းမှာ ပေါ်လွင်လွန်းလှသည်။ ငါက ဒေါသ တရား၊ မာန်မာနတရား လက်ကိုင်စွဲလာ သူများကို လက်ခံတွေ့ဆုံလေ့ မရှိ"

"တပည့်တော် ဖိနပ်နှင့် တံခါးကို တောင်းပန်ပါမည်"

"လူတယောက်သည် သူ့စိတ်ထဲတွင် ရှိသည့်အတိုင်း ပြင်ပကို ထုတ်ဖော်ပြတတ်သည်။ သင့်အပြုအမူက သင့်ကို ဤအခန်းထဲ ဝင်ရန်၊ မဝင်ရန် အဆုံးအဖြတ် ဖြစ်စေပါလိမ့်မည်"

ဘုရင်က အပြင်ကို ပြန်ထွက်သည်။ သူလွှင့်ပစ်ခဲ့သော ဖိနပ်ကို ပြန်ကောက်သည်။

"ဪ ဤဖိနပ်ကား ငါ့ကို စစ်မြေပြင်တွင် ဆူးငြောင့် ခလုတ်များရန်က ကင်းဝေးစေခဲ့သည်။ ဖိနပ်လေး တောင်းပန်ပါတယ်" ဟု ပြောကာ ပွတ်သပ်ပြီး စနစ်တကျ ပြန်ချထား လိုက်သည်။

ထို့နောက် ဘုရင်သည် တံခါးကို ပြန်ပိတ်လိုက်သည်။ "ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ" ဟု တောင်းပန်လိုက်ကာ တံခါးကို ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်သည်။

ထိုခဏလေးတွင် သူ့စိတ်ထဲ၌ ကြည်နူးမှု ပီတိများ ဖြစ်သွားသည်။ "ဆရာတော်ဘုရား တပည့်တော် ဦးတင်ပါတယ်။ တပည့်တော်ကို တရားများ ပြတော်မူပါ"

"ဒကာ သင် တရားရသွားပါပြီ" ဆရာတော်က ပြောကာ မတ်တတ်ရပ်ပြီး အခန်းထဲ ပြန်ဝင်သွားသည်။ ဘုရင်ကြီးက လက်အုပ်ကို ချီပြီး မျက်စိမှိတ်ထား လိုက်သည်။

သူ့ရင်ထဲတွင် ကြည်နူးငြိမ်းချမ်းမှု တခုကို ခံစားလိုက် ရသည်။ သူ့ဘဝတွင် မည်သည့်အခါကမျှ မခံစားဖူးသော ကြည်နူးပီတိ ဖြစ်သည်။

"တပည့်တော် ဘာကို တန်ဖိုးထားရမည် ဆိုတာ သိသွားပါပြီ ဘုရား" ဟု ပြောကာ တလှမ်းချင်း ပြန်ထွက်ခဲ့သည်။ စစ်ဘုရင်ခြေလှမ်းများကား ကျောင်းထဲကို ဝင်လာစဉ်နှင့် ကျောင်းထဲက ပြန်ထွက်စဉ် ကွာခြားလွန်း လှသည်။

သူရောက်နေသည်မှာ မည်သည့်နေရာ၊ မည်သည့် အရာတွေကို ကောင်းစွာ တန်ဖိုးထားရမည် ဆိုသည်ကို သူကောင်းစွာ သိမြင်သွားသည်။ တင်ညွန့်

Post a Comment

0 Comments